ဆေးရုံဆိုတာ လူမစည်အပ်တဲ့ အရပ်လို့ဆိုရိုးစကားရှိထားလို့.. ကိုယ်တိုင်လဲ ရန်ကုန်ဆေးရုံကြီးမှာ အဖေတစ်လကျော်ကြာအောင် ဆေးရုံတက်ထားတဲ့ အတွေ့အကြုံလဲ ရှိတော့ ကျမက ဆေးရုံသွားရမယ်ဆိုရင် စိတ်က အမြဲတွန့်ဆုတ်နေမိတာ ...
ကိုယ်တိုင်ဆေးရုံသွားစရာ ကိစ္စမရှိပေမဲ့ ယောင်္ကျားက သွေးတိုးကြောင့် ၆လ တစ်ခါ ဆေးစစ်နေရတော့ SGH ကို ခဏခဏရောက်ဖြစ်လာပါတယ်.. ရန်ကုန်ဆေးရုံကြီးနဲ့ ဘာမှမဆိုင်အောင် သန့်ပြန့်ပြီး လာဘို့ တွန့်ဆုတ်စရာမရှိအောင် စနစ်တကျလုပ်ထားပေမဲ့ ဆေးရုံဆိုတာ ဝေဒနာသည်တွေ လာဘို့နေရာမို့ အားတိုင်းလာချင်စရာတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ နှစ်နှစ်ကုန်ခါနီးလောက်က ကျမခင်ပွန်းရဲ့ အဒေါ် ရန်ကုန်မှာ စမ်းသပ်ကုသခံရင်း သိခဲ့ရတဲ့ ကင်ဆာရောဂါကြောင့် မြို့ထဲက ဆေးရုံတစ်ခုမှာကုဘို့ ရောက်လာခဲ့ပါတယ်.. အဒေါ်အရင်းမို့ လေဆိပ်ကို သွားကြိုပြီး ဆေးရုံကို ပို့ပေးဘို့.. လိုအပ်တဲ့ ပစ္စည်း စားစရာ တွေ ပို့ပေးဘို့.. စ,တာတွေဟာ ၀တ္တရားအရအပြင် အမေအစားပြန်ရပြီး ပြုစုပေးရတယ်လို့ ထင်လောက်အောင်ဘဲ အဒေါ်ဟာ အသက်ကြီးလာချိန်မှာ ကွယ်လွန်သူ ကျမ ယောက္ခမနဲ့ အသံကအစ တူလာခဲ့ပါတယ်။ ကျမတို့မိသားစုဟာ တွေ့တွေ့ချင်းမှာ အံ့သြတွေဝေနေခဲ့ကြပြီး အမေနဲ့တူလာလိုက်တာဆိုတာကို ပြောမပြီးနိုင်ပါဘဲ။
အဒေါ်နဲ့အတူ သားတယောက် သမီးတယောက် ပြုစုဘို့ ပါလာခဲ့ပြီး ကင်ဆာထုံးစံအတိုင်း ဆေးထိုး ဆေးစား စ,လုပ်တဲ့ အခါမှာတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ သမီး နှစ်ယောက် ကလဲ လုပ်ငန်းအားလုံးကို လွှဲခဲ့ပြီး လိုက်လာကြပါတယ်။
အဲဒီဆေးရုံက ဆေးရုံသက်သက် မဟုတ်ဘဲ အောက်ထပ်မှာ hotel နဲ့တွဲထားတော့ ဆေးထိုးမယ့်ရက်မှာ အပေါ်ထပ်က ဆေးရုံမှာ တစ်ရက်တက်ပြီး ဆေးထိုးပြီးရင် အောက်ထပ်က hotel အခန်းမှာ ပြန်လာနေလို့ရတော့ ကျမတို့လဲ ညမအိပ်ရုံတမယ်ဘဲ...အဲဒီမှာ မိသားစုတွေ့ဆုံပွဲကြီးပေါ့..
အဒေါ်က ကင်ဆာရောဂါသည်နဲ့မတူအောင်ဘဲ လန်းဆန်းနေတတ်ပြီး ကျမတို့ ရောက်သွားရင် ညက အောင့်လို့ မအိပ်နိုင်ဘူးလို့ပြောရင်လဲ ပြုံးပြုံးလေးပါဘဲ.. အဒေါ်အောင့်လို့ လှဲအိပ်နေတာ သုံးလေးခါ တွေ့ဘူးပေမယ့် သားသမီးတွေက လက်ကလေး ခြေကလေး လှုပ်ဘို့မလိုအောင်ကို ပြုစုနေကြတော့ ကျမက တခါတခါ ရုပ်ရှင်ကြည့်နေရသလိုဘဲလို့တောင် တွေးမိပါရဲ့.. တမိပေါက် တယောက်ထွန်းတဲ့ ဆန်ရေတွေ တွေ့ဘူးကြားဘူးပေမယ့် ရှိသမျှသားသမီးက ဒီအမေကို တန်ဘိုးထားပြုစုနေကြတာတွေ့ရတော့ အဒေါ်ရဲ့ရောဂါကို အံတုနိုင်တဲ့ အစွမ်းတွေဘယ်ကရလာလဲ ဆိုတာ ကျမမှန်းကြည့်နိုင်ခဲ့ပါတယ်..
ဆေးထိုးလိုက် နားလိုက် နဲ့.. ရန်ကုန်ပြန်လိုက် ပြန်လာဆေးထိုးလိုက် လုပ်ရတာ နှစ်ပါတ် သုံးပါတ်ခြား တစ်ခါမို့ အခုဆိုရင် အဒေါ်နဲ့ သားသမီး လေးယောက် အသွားအပြန်နဲ့ဆေးကုနေတာ ငါးခါ ခြောက်ခါရှိပါပြီ..
အခေါက်တိုင်းမှာ အမေဟိုဘက်လှည့် ဒီဘက်လှည်ဘို့.. ရေခပ်ပေး ရေနွေးမှုတ်ပေး ပြုစုဘို့.. အမေစားချင်တာကို အချိန်မရွေးပြေးဝယ်ဘို့.. အမေနေ့တိုင်းစားတဲ့ မုန့်ဟင်းခါးနေ့တိုင်းချက်ဘို့.. ဆေးတိုက်တဲ့အကြိမ်တိုင်း စာရင်းမှတ်ဘို့.. စတဲ့ အလုပ်တွေကို မငြိုမငြင်တာဝန်ခွဲလုပ်နေကြတဲ့ သားသမီးတွေကို မြင်ရတာ ဆေးရုံရောက်နေပါလားဆိုတာကို မေ့တောင်မေ့နေပါရဲ့.. ပြန်ခါနီးတိုင်း အဒေါ်က သားသမီးတွေ အလုပ်အကိုင်ပျက်နဲ့ လာရသွားရမို့ မလာချင်တော့ဘူးလို့ ပြောပေမယ့် သားသမီးအားလုံးက တညီတည်း ဒီလောက်သက်သာလာတာ ဆက်ကုပါလို့ တိုက်တွန်းပြီး နောက်တခေါက်အတွက် လေယာဉ်လက်မှတ်ပါ တခါတည်း ပြင်ဆင်သွားမြဲပါဘဲ ...
ကျမကတော့ အကုန်အကျတွေကို စိတ်နဲ့ လိုက်ပေါင်းကြည့်ရင်း.. ငါဖြစ်ရင်တော့ မကုကြပါနဲ့လို့ မှာပေမယ့် အနားမှာ သားသမီးတွေဝိုင်းပြီးနေတဲ့ အရသာကိုတော့ ခံချင်မိသား...
ရုပ်ရှင်ထဲမင်းသမီးလေးပြောသလိုဘဲ ကိုယ့်ကို ဂရုစိုက်ခံရအောင် ငါ့မှာလဲ နှလုံးရောဂါရှိချင်လိုက်တာ လို့ပြောရရင် ကောင်းမလား...
ဒီလိုဘ၀မှာ နေရရင်တော့ တင်တင်မြသီချင်းလို ဒီသံသရာဝဲထဲမှာ လည်ချင်လွန်းလို့ ဆယ်တဲ့သူကို မုန်းမိမယ်လို့ဘဲ ဟစ်ကြွေးမိမလားဘဲ...
( မိဘကို ပြုစုလုပ်ကျွေးရင်း အဖေများနေ့၊အမေများနေ့ကို နေ့တိုင်းကျင်းပနေကြသော သားသမီးများသို့..)