ဒီလိုတွေ ဟိုလိုတွေ စကားတွေ အများကြီးပြောပြီးမှ
သဘောပေါက်လိုက်တာက အကြောင်းနှစ်ချက်ဘဲ ရှိတယ်..
မျိုချခဲ့တဲ့ စကားက နှစ်ခွန်းထဲပေမယ့်
ဘယ်လောက်တောင် ဖေါင်းပွလိုက်သလဲ.. ရင်ထဲ ကြပ်နေတာဘဲ..
အမှန်တရားက ဘယ်လောက်ခါးသီးသလဲဆိုတာ
ကိုယ်တွေ့ကြုံမှ သေလုအောင်ခါး..

မှတ်စု(၂)
ဒူးမထောက်ဘူး အသေခံမယ်လို့ စိမ်ခေါ်ပြီးမှတော့
ဘယ်ခြောက် ညာလှမ်းနဲ့ ဒူးထောက်ဘို့ဘဲ တွန်းအားပေးနေရင်
သူဘာလိုချင်နေလဲဆိုတာ သိဘို့ကောင်းတာပေါ့..
နှစ်ခုလုံး ဘာရရ လိုချင်နေတယ်ဆိုတာ..
မှတ်စု (၃) ၁၂ ရက် စက်တင်ဘာ ၂၀၁၂
မနက်ခင်း လေအေးနဲ့ နေခြည်နွေးကို ရတဲ့အခါ မင်္ဂလာပါ ကမ္ဘာကြီး လို့နှုတ်ဆက်ရင်း
အသက်ရှင်နေရတာ ကျေးဇူးတင်ခဲ့..
၂၀၀၅ မနက်ခင်းတခုမှာ..
ပူပြင်းတဲ့ နေ့လည်မှာ လေရိုင်းတွေတိုက်ရင် အကာအကွယ်ရှာရင်း
ဘ၀ဆိုတာ ဒါလားတွေးရင်း..
၂၀၁၀ နေ့လည်ခင်းတခုမှာ..
ညနေခင်းရဲ့ သူများတွေ အမောဖြေစရာ ရှုခင်းကို
ရယ်တ၀က် ငိုတ၀က် ငေးမောရင်း
အမောပြေတာလား .. လက်လျှော့တာလား မရေမရာ..
၂၀၁၂ နှစ်ဆန်းက ညနေခင်းတခုမှာ..
ညရဲ့ တိတ်ဆိတ်မှုမှာ ဘာမှားခဲ့လဲ .. ဘာက အမှန်တရားလဲ ပြန်သုံးသပ်ရင်း
မနက်မှာ နိုးလာချင်သလား ဆက်အိပ်လိုက်ရတော့မလား..
ပူလိုက်အေးလိုက် ငိုလိုက်ရယ်လိုက်
ပေဖြစ်ရင် ခံလိုက်ပေါ့.. တူတော့ တစ်ခါလေးတောင် မဖြစ်ခဲ့တဲ့ သံသရာ
လွတ်အောင်ရုန်းချင်လား.. သေတဲ့ထိ ခေါင်းငုံ့နေရတော့မလား မသေချာ...
၂၀၁၂ စက်တင်ဘာ..