Monday, March 26, 2012

နှုတ်ပိတ်ခြင်း

                စင်္ကာပူ လူအိုရုံတခုမှာ သူနာပြုက ဆောင့်ကြီးအောင့်ကြီး လုပ်ကိုင်ပေးနေရာကနေ စကားပြောနေတဲ့ ( complaint လုပ်နေတာလဲ ဖြစ်ချင်ဖြစ်မှာပါ ) အဖိုးကြီး ဒါမှမဟုတ် အဖွားကြီးရဲ့ ပါးစပ်ကို ဖြတ်ကနဲ ရိုက်လိုက်တဲ့ မြင်ကွင်းကို မြင်လိုက်တိုင်း ရင်ထဲမှာ တင်းကနဲ ဖြစ်သွားတာဟာ အသားကို မကျနိုင်တဲ့ ခံစားမှုပါဘဲ။
            ရင်ထဲမှာ ခံစားရတာကို ပြောဘို့ ကြိုးစားရင်း အမှတ်မထင် ဖြတ်ရိုက်ခံလိုက်ရတဲ့ ခံစားမှုကို  ကောင်းကောင်း နားလည်ပါတယ်။ လက်နဲ့ဖြတ်ရိုက်စရာ မလိုဘဲနဲ့တောင် ရူးနေလားလို့ သဘောရတဲ့၊ ဘာတွေပြောနေတာလဲလို့ သဘောရတဲ့၊  လူရာမ၀င်ဘဲ လာမရှုပ်နဲ့လို့ သဘောရတဲ့၊  အဘိုးမတန်တဲ့ စကားတွေလာမပြောနဲ့လို့ သဘောရတဲ့၊........  အကြည့်တချက် ခေါင်းတချက် အငဲ့အတွက်တောင် ခံစားရသေးတာ။
         အဲဒီ အကြည့်မှာ  စတုပစ် ရှစ် စတဲ့ စော်ကားမော်ကား စကားလုံးတွေတောင်ပါလို့ နားစည်ထဲမှာ ထိန်းကနဲ မြည်အောင် သွေးလဲတိုးလာစေပါတယ်။

             ဒါပေမဲ့ ဘ၀နေ၀င်ချိန်ရောက်လို့ စကားပြောတာကလွဲလို့ ဘာမှ မလုပ်နိုင်တော့တဲ့ အရွယ်ရောက်ရင်၊ စကားပြောတာကိုလဲ သည်းခံနားထောင်ပေးမယ့်သူမရှိတော့တဲ့ အချိန်ရောက်ရင်၊ ၀န်ထုပ်ဝန်ပိုးဘဲ ဖြစ်နေစေပြီး အကြံဥာဏ်လေးတောင် ပေးဘို့ နည်းနည်းမှ အသုံးမ၀င်တော့တဲ့ အချိန်ကိုရောက်ရင်...
                        
 ကြိုတင်အားထုတ်နိုင်ရန် နည်းကောင်းလေး ပေးပါရစေ....  

                 စပါးနှံ အဆံပြည့်၍ငုံ့၊ လူကုံတန် စိတ်မာန်လျှော့၍ကြုံ့ ဆိုစကားအရ စိတ်မာန်လျှော့ထားနိုင်ရင် လူကုံတန် ဖြစ်ပါလိမ့်မယ်။ ကိုယ်က အရာမ၀င်လို့ ပါးစပ်ပိတ်ခံရတဲ့ အခါတိုင်း ကိုယ့်ကိုယ်ကို လူကုံတန်အဖြစ်ခံယူပြီး ငြိမ်နေလိုက်ကြပါကုန်...
             
                   ကြိုတင်၍ ပါးစပ်ဖြတ်ရိုက်မခံရအောင် ကာကွယ်သောအနေနဲ့ ၀စီပိတ်နေနိုင်အောင် ကျင့်ကြံကြပါကုန်... နေ၀င်ချိန်သာယာလိုသူ သူတော်ကောင်းအပေါင်းတို့.....

Friday, March 23, 2012

အိမ်ပြန်ချင်တဲ့ အလွမ်း




      ဒီလ ၂၀ ရက်နေ့က အလည်ရောက်နေတဲ့ ကျမရဲ့ မောင်လေး ပြန်သွားပါတယ်.. 

      ကျမရဲ့မောင်လေးက ကျမထက် ၉ နှစ်ငယ်တော့ ကျမက သူငယ်ငယ်က သားလို့ဘဲ ခေါ်နေကျပြီးသူကလဲ အခုထိ ကျမနဲ့ စကားပြောရင် သူ့ကိုယ်သူ သားလို့ ပြောတုန်းပါဘဲ။

       သူပြန်သွားတော့ ကျမငိုမလားလို့ ယောင်္ကျားက ကျမကို မျက်နှာကြည့်ရင်းနဲ့ ဘာသွားစားကြမလဲလို့ အာရုံလွှဲတဲ့ စကားဆိုပါတယ်။
       ကျမကလဲ ဘာမှမလွတ်ရအောင် ကော်ဖီဘဲသောက်ကြရအောင်လို့ ခပ်တည်တည်နဲ့ ပြောပြီး ကော်ဖီဆိုင်မှာ ထိုင်တော့မှ အစဉ်အလာမပျက် မျက်ရည် တပေါက်နှစ်ပေါက် ထွက်ပါတော့တယ်။

         မောင်လေးရောက်နေခိုက်မှာ သူနဲ့ စကားပြောတိုင်း ကျမဘယ်တော့ ပြန်လာမယ်လို့ တခွန်းမှ မဟဘဲ လုပ်စရာရှိတာတွေကို နင်ကြုံရင် ဘာလုပ်ပေး၊ နင်အားရင် ဘာလုပ်ထားနဲ့ မှာတမ်းရှည်တွေ တပုံတပင်ပေးလိုက်တော့သူလဲ လုပ်စရာ တွေပိပြီး ပြန်သွားရရှာပါတယ်။ အစ်မက ၉ နှစ်ကြီးတော့ သူက ကိုယ်ဘာသာကိုယ် ပြန်လာလုပ်ပါလားလို့ ငယ်ငယ်ကလို ဘုဂလန့် မပြောတော့ပါဘူး။ သူတော်တော် လိမ္မာလာပြီး အစ်မကတော့ တော်တော် မိုက်လာပါတယ်။ ကြီးမိုက်ပေါ့.. 
         သူကလဲ အငယ်ပီသစွာ ကျန်းမာရေးဂရုစိုက်ဘို့၊ စိတ်အေးချမ်းသာအောင် နေတတ်ဘို့၊ ဂလန့်လုပ်တာတွေ လျှော့ဘို့ ကို လှည့်ပတ်ပြီး နားလည်အောင်ပြောပါတယ်.. အေးပါ အေးပါ .. ငါမှာတာတွေ မမေ့နဲ့လို့ မြန်မြန်လက်စသပ်လိုက်တာပေါ့..  ငါက အကြီးဘဲ.. သူမှာတာတွေ ငါမေ့လို့ရတာပေါ့. ဟိ ဟိ 

      ကျမမှာလိုက်တဲ့ ကိစ္စတွေထဲက တခုဖြစ်တဲ့ သူ့သားလေးဘို့ အ၀တ်အစားတွေတော်မတော် ၀တ်ပြပြီး ဓါတ်ပုံပို့ပေးဆိုတဲ့ အမှာစာကို သူပထမဆုံး အကောင်အထည်ဖေါ်ပါတယ်။ သားလေးဟာ အင်္ကျီတွေ ဘောင်းဘီတွေဝတ်ပြလိုက်၊ ကစားစရာတွေကို ထုတ်ဆော့နေလိုက်၊ ကျောပိုးအိတ်ကို လက်ကိုင်က ဆွဲပြလိုက်နဲ့ တော်တော် စိတ်ညစ်နေတဲ့ပုံလေးတွေ ရောက်လာပါပြီ။ ယောက်မ ပစ္စည်းတွေ ထိုင်ရှင်းနေရတဲ့ပုံလဲပါလာပါတယ်။ 

       ကိုယ်ဝယ်ပေးလိုက်တာလေးတွေ သူနဲ့လိုက်သား၊ တော်သားနဲ့  တွေးမိပေမဲ့ ကျမပျော်ရမယ့်အစား ငိုချင်လာပြန်ပါပြီ။ အဓိက က ဓါတ်ပုံတိုင်းမှာပါတဲ့  ကြမ်းပြင် တရားခံပါဘဲ။ 
   
         ဘာဖြစ်လို့ ကြမ်းပြင်က တရားခံ ဖြစ်ရတာလဲ မမေးပါနဲ့.. ဒီကြမ်းပြင်က  ကျမအဖေနဲ့ အမေက မိုးတွေဆက်တိုက်စွေနေလို့၊ သမံသလင်းနဲ့ ခြေထောက်မထိနိုင်အောင်အေးလို့ဆိုပြီး လက်သမားဆရာ ချက်ခြင်းခေါ် ချက်ခြင်းသစ်ဝယ်ပြီး ခင်းခဲ့တဲ့ တကယ့် မိဘအမွေအနှစ်ပါ။ 
         ကျမနဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့ တဲ့ ကြမ်းပြင်ပါ။ ဒီကြမ်းပြင်မှ ကျမလက်ရာတွေ၊ ကြောရာတွေ၊ ခြေရာတွေ အပြည့် ရှိပါတယ်။  

    ပင်ပင်ပန်းပန်း ကြမ်းတိုက်ရလို့ အမြဲ ပြသနာရှာခဲ့တဲ့ ကြမ်းပြင်ပါ။ ခွာပစ်ပြီး ကြွေပြားခင်းပစ်မယ်လို့ အမြဲတွေးခဲ့တဲ့ ကြမ်းပြင်ပါ။ 
    ဒါပေမဲ့ ဓါတ်ပုံထဲမှာ မြင်ရတဲ့ ကြမ်းပြင်ပေါ်မှာ ကျမ ပါးနဲ့ ကပ်ပြီး အိပ်ချင်ပါတယ်။ ဖျာတောင် မခင်းချင်ပါဘူး..

      TV ပျက်သွားတယ်။ ဆိုင်ပို့ထားတယ်လို့ မောင်လေးကပြောတော့ ကျမက ထားလိုက်တာမဟုတ်ဘူး.. ငါပြန်လာတော့မှ ပြင်မှာပေါ့လို့ ပြောလိုက်ပါတယ်။ 
      ဒီဟာကျမှ ငါပြန်လာမှလုပ်မယ် ပြောတော့ မောင်လေးက ထူးဆန်းပြီး မေးလို့နင်ပိုက်ဆံကုန်မှာပေါ့.. ထားလိုက်..လို့ ကျမဖြေလိုက်ပါတယ်။ အဆီအငေါ်မတည့်မှန်းတော့ သိပါတယ်။ ပြန်ဘို့တော့ အကြောင်းရှာမှ ဖြစ်တော့မယ်လေ...


ဗမာဆိုင်းဝိုင်းစစ်စစ်နဲ့ ဆိုထားတဲ့ လက်ရေတပြင်တည်း (တကယ့်သီချင်းနံမည်က ဇာတိနွယ် ပါ) သီချင်းကို YouTube မှာ တွေ့လို့ တင်ပေးလိုက်ပါတယ်။ အားလုံး ကျမလို လွမ်းစေချင်လို့.. 



Thursday, March 22, 2012

စိမ်းလန်းတဲ့ သစ်ပင်တွေလို ရှင်သန်ကြမယ်


လဲကျရင် ပြန်ထတတ်ရမယ် 


ဒါဏ်ရာရတဲ့နေရာက ပိုမာကျောလာရမယ် 


ကိုင်းကျိုးကျရင် အသစ်ပြန်ထွက်တဲ့ အညွန့်က ပိုအားကောင်းလာရမယ်




စိမ်းလန်းတဲ့ သစ်ပင်တွေလို ရှင်သန်ကြမယ် 

Wednesday, March 21, 2012

အရောင်ရှိသော နေ့များ



     နေညိုချိန်ရောက်ပြီဆိုတော့ ရှေ့ဆက်တိုးဘို့ကို ချင့်ချိန်ရင်း နောက်ပြန်လှည့်ကြည့်တတ်လာပြီ...

     မိုးသောက်ခါစ အချိန်တွေတုန်းက မိုးလင်းလာရင် ဖြစ်ချင်တာတွေကို အားကြိုးမာန်တက်လုပ်ဘို့ အင်အားအပြည့်နဲ့ ...
လောကကြီးကလဲ လန်းဆန်းတဲ့ စိမ်းလန်းတဲ့ သစ်ပင်အရောင် ...
အဲဒီအချိန်က လေကလဲ လတ်ဆတ်လွန်းလှပါလား.. အသက်ဝအောင် ရှုနိုင်ခဲ့တဲ့ အဲဒီအချိန်ကအေးတဲ့လေရဲ့ အနံ့ကို အခုဘဲ ရလာသလိုလို...
ပြန်တွေးမိတိုင်း အစိမ်းရောင်ကို မြင်ရသလို အေးချမ်းခဲ့တဲ့ အချိန်များ....

     နေထွက်လာတော့  အခက်အခဲတွေကိုလဲ မရှာဘဲ တွေ့..
အေးတဲ့အခါအေး ပူတဲ့အခါပူနဲ့ ဘ၀ဆိုတာ ဒါလားလို့ တွေးတတ်လာတဲ့ နေသာချိန်ကို ရောက်လာခဲ့တယ်...
အရိပ်ထဲရောက်ရင်အေး.. အပြင်ထွက်မိရင် ပူနဲ့ .. အရိပ်အောက်ရောက်ရင် ပူခဲ့တဲ့ အချိန်ကို မေ့နိုင်ခဲ့သေးတယ်..
အပူနဲ့အအေး မျှခံစားနိုင်တော့ ပြန်စဉ်းစားရင် နွေးထွေးတဲ့ လိမ္မော်ရောင်လိုပါဘဲ...
ကြိုက်သလားဆိုတော့လဲ မကြိုက်လှပေမဲ့   မေ့ပစ်ဘို့လဲ မဖြစ်နိုင်နဲ့ ဝေတေ၀ါးတား ...
အသက်ရှူမိသလား မရှူမိသလား မသိ ... ရှေ့ဆက်ရောက်ရင်ပြီးရောနဲ့ ဖြတ်ကျော်ခဲ့ပြီး
နောက်တခါလျှောက်ရင်ဒီလမ်းကို မလျှောက်တော့ဘူး တွေးတဲ့အခါတွေး..  နောက်ဘ၀ထိလဲ လျှောက်ဦးမယ်လို့ တွေးတဲ့အခါတွေး တဲ့ ....
လိမ္မော်ရောင်လမ်းကလေး...

     နေမြင့်လာတော့ အရူးရင့်တာပေါ့.. မျက်စေ့တွေ မီးတောက်မြင်လောက်အောင်ပူတော့ မြင်သမျှ အပူ..
ရေလဲပူ .. လေလဲပူ.. ပြန်မတွေးချင်လောက်အောင်ပူ...
သဲကန္တာရအပူ ... မီးတောက်အပူ ...အနီရဲရဲ အပူ...
တော်လောက်ပြီ..  self ignite ဖြစ်တော့မယ်....

    နေညိုချိန်ရောက်မှ နားရတော့မယ်.. ငှက်လေးတွေတောင် အိပ်တန်းပြန်တော့မယ်..
ပူထားတဲ့ အရှိန်ကြောင့်.. လောင်ထားတဲ့မီးကြောင့် .. အပူက တငွေ့ငွေ့..
နေစွယ်ကျိုးတော့ အလင်းရောင် ခပ်ဖျော့ဖျော့...
အေးချမ်းပါပြီ .. အနားရပါပြီလို့ အပီအပြင်မပြောနိုင်...
ကိုယ်ကိုယ်ကို ပြန်မြင်ကြည့်ရင် မီးခဲမှာ ကပ်နေတဲ့ပြာလို မွဲပြာပြာ ...
ကောက်ရိုးပြာ ...



               ဒီလောက်တောင် နွမ်းဖတ်နေရင်တော့ အနက်ရောင် ညအမှောင်ကို မကြောက်ဘဲ တိုးရဲပြီပေါ့
ကြောချမ်းအောင်ဘဲ မှောင်မှောင် .. ဘာအလင်းရောင်မှ မရှိတဲ့ အနက်ရောင်က တော်တော်အေးတာနဲ့တင် ကျေနပ်နိုင်ပါရဲ့..
အမှောင်ထဲမှာ လမ်းဖြောင့်ဖြောင့် ကောက်ကောက် ဘာမှ အရေးမပါတော့ပါဘူး.. လျှောက်ရမယ့်လမ်း ဆက်သာလျှောက်..

နောက်တနေ့ မနက်က စောင့်နေမယ် ထင်ရဲ့...