Wednesday, March 21, 2012

အရောင်ရှိသော နေ့များ



     နေညိုချိန်ရောက်ပြီဆိုတော့ ရှေ့ဆက်တိုးဘို့ကို ချင့်ချိန်ရင်း နောက်ပြန်လှည့်ကြည့်တတ်လာပြီ...

     မိုးသောက်ခါစ အချိန်တွေတုန်းက မိုးလင်းလာရင် ဖြစ်ချင်တာတွေကို အားကြိုးမာန်တက်လုပ်ဘို့ အင်အားအပြည့်နဲ့ ...
လောကကြီးကလဲ လန်းဆန်းတဲ့ စိမ်းလန်းတဲ့ သစ်ပင်အရောင် ...
အဲဒီအချိန်က လေကလဲ လတ်ဆတ်လွန်းလှပါလား.. အသက်ဝအောင် ရှုနိုင်ခဲ့တဲ့ အဲဒီအချိန်ကအေးတဲ့လေရဲ့ အနံ့ကို အခုဘဲ ရလာသလိုလို...
ပြန်တွေးမိတိုင်း အစိမ်းရောင်ကို မြင်ရသလို အေးချမ်းခဲ့တဲ့ အချိန်များ....

     နေထွက်လာတော့  အခက်အခဲတွေကိုလဲ မရှာဘဲ တွေ့..
အေးတဲ့အခါအေး ပူတဲ့အခါပူနဲ့ ဘ၀ဆိုတာ ဒါလားလို့ တွေးတတ်လာတဲ့ နေသာချိန်ကို ရောက်လာခဲ့တယ်...
အရိပ်ထဲရောက်ရင်အေး.. အပြင်ထွက်မိရင် ပူနဲ့ .. အရိပ်အောက်ရောက်ရင် ပူခဲ့တဲ့ အချိန်ကို မေ့နိုင်ခဲ့သေးတယ်..
အပူနဲ့အအေး မျှခံစားနိုင်တော့ ပြန်စဉ်းစားရင် နွေးထွေးတဲ့ လိမ္မော်ရောင်လိုပါဘဲ...
ကြိုက်သလားဆိုတော့လဲ မကြိုက်လှပေမဲ့   မေ့ပစ်ဘို့လဲ မဖြစ်နိုင်နဲ့ ဝေတေ၀ါးတား ...
အသက်ရှူမိသလား မရှူမိသလား မသိ ... ရှေ့ဆက်ရောက်ရင်ပြီးရောနဲ့ ဖြတ်ကျော်ခဲ့ပြီး
နောက်တခါလျှောက်ရင်ဒီလမ်းကို မလျှောက်တော့ဘူး တွေးတဲ့အခါတွေး..  နောက်ဘ၀ထိလဲ လျှောက်ဦးမယ်လို့ တွေးတဲ့အခါတွေး တဲ့ ....
လိမ္မော်ရောင်လမ်းကလေး...

     နေမြင့်လာတော့ အရူးရင့်တာပေါ့.. မျက်စေ့တွေ မီးတောက်မြင်လောက်အောင်ပူတော့ မြင်သမျှ အပူ..
ရေလဲပူ .. လေလဲပူ.. ပြန်မတွေးချင်လောက်အောင်ပူ...
သဲကန္တာရအပူ ... မီးတောက်အပူ ...အနီရဲရဲ အပူ...
တော်လောက်ပြီ..  self ignite ဖြစ်တော့မယ်....

    နေညိုချိန်ရောက်မှ နားရတော့မယ်.. ငှက်လေးတွေတောင် အိပ်တန်းပြန်တော့မယ်..
ပူထားတဲ့ အရှိန်ကြောင့်.. လောင်ထားတဲ့မီးကြောင့် .. အပူက တငွေ့ငွေ့..
နေစွယ်ကျိုးတော့ အလင်းရောင် ခပ်ဖျော့ဖျော့...
အေးချမ်းပါပြီ .. အနားရပါပြီလို့ အပီအပြင်မပြောနိုင်...
ကိုယ်ကိုယ်ကို ပြန်မြင်ကြည့်ရင် မီးခဲမှာ ကပ်နေတဲ့ပြာလို မွဲပြာပြာ ...
ကောက်ရိုးပြာ ...



               ဒီလောက်တောင် နွမ်းဖတ်နေရင်တော့ အနက်ရောင် ညအမှောင်ကို မကြောက်ဘဲ တိုးရဲပြီပေါ့
ကြောချမ်းအောင်ဘဲ မှောင်မှောင် .. ဘာအလင်းရောင်မှ မရှိတဲ့ အနက်ရောင်က တော်တော်အေးတာနဲ့တင် ကျေနပ်နိုင်ပါရဲ့..
အမှောင်ထဲမှာ လမ်းဖြောင့်ဖြောင့် ကောက်ကောက် ဘာမှ အရေးမပါတော့ပါဘူး.. လျှောက်ရမယ့်လမ်း ဆက်သာလျှောက်..

နောက်တနေ့ မနက်က စောင့်နေမယ် ထင်ရဲ့...

No comments:

Post a Comment