Friday, November 1, 2013

သမုဒ္ဒရာ၌ပင်လျှင် အဆုံးသတ် ကမ်းစပ်ရှိသည်။

အတိုင်းမသိပေမယ့် အတိုင်းအတာက ရှိတော့ရှိနေပါတယ်။ ကိုယ်လက်လှမ်းမမှီပေမယ့် အဝေးတနေရာမှာတော့ အနားသတ်ဘောင်တခု ရှိနေပါတယ်။ မမြင်ရလို့ မရှိဘူးထင်နေကြပေမယ့် အရာရာတိုင်းအတွက် စည်းတခု ဘောင်တခု အနားသတ်တခု အမြဲရှိတယ်လို့ လက်ခံထားပါတယ်။

ဒီဘက်ကမ်းက လှမ်းကြည့်လို့ မမြင်ရပေမယ့် ပင်လယ် သမုဒ္ဒရာမှာ ဟိုဘက်ကမ်း ရှိကို ရှိနေပါတယ်..
မိုးကုပ်စက်ဝိုင်း ဘယ်မှာဆုံးလဲ ဆိုတာ ကိုယ့်အစွမ်းအစနဲ့ မတိုင်းတာနိုင်ပေမယ့် စည်းမမြင်ရတဲ့ လေဟာနယ်ရောက်ရင် မိုးကောင်းကင်ရဲ့ အဆုံး ရှိကို ရှိနေပါတယ်..
မြင်ရမယ့် ဘောင်တွေအတွက် ဘာမှပြောစရာမရှိပါ။  ကာရံထားတာ ကျော်ဝင်ရင် ဘာဖြစ်နိုင်တယ်ဆိုတာ သိပြီးသားနဲ့ လုပ်တာမို့ ပြောစရာလဲ မလိုပါဘူး..
ကာရံမထားတဲ့ ကိစ္စတွေ အတွက်ဘဲ ပြောချင်ပါတယ်..

လူတယောက်ရဲ့ သည်းခံနိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို မမြင်ရလို့ အဲဒီဘောင်မရောက်သေးဘူးထင်ပြီး ထပ်ခါထပ်ခါ မစမ်းပါနဲ့..
ချစ်ခင်သူတွေရဲ့ မေတ္တာအတိုင်းအတာ ကို မသိဘဲနဲ့ ထပ်ခါထပ်ခါ မစော်ကားမိပါစေနဲ့..

တောင်အမြင့် တခုရဲ့ အနားသတ်အဆုံးမှာ ချောက်ကမ်းပါးတခု ရှိနေတတ်ပါတယ်...
လေအရမ်းငြိမ်သွားရင် မုန်တိုင်းတခု စ, သလိုမျိုးပေါ့လေ..
တခုရဲ့ ဘောင် အဆုံးသတ်ဟာ ဆန့်ကျင်ဘက်တခု ဖြစ်နေတတ်လို့ပါ..


Friday, June 7, 2013

ကောင်းကင်နှင့် ရေပြင်

ဆွဲဆောင်အားပြင်းတဲ့ ရေပြင်နဲ့ အနားသတ်ဘောင်မြင်ရတဲ့ ကောင်းကင်..











မိုးရေထဲမှာ....



မိုးရေထဲမှာ ...














Monday, January 28, 2013

အတွေးပုံပြင်(၂)

ဒီတခါတော့ ထုံပေပေ ခံစားမှုမဲ့ပုံရတဲ့ မြည်းတကောင်အကြောင်း ပြောပြချင်ပါတယ်..
လူတယောက်နဲ့ မြည်းတကောင် အတူတူနေတာကြာလှပါပြီ.. မြည်းက လူကိုမွေးစားတာလား.. လူက မြည်းကိုမွေးစားတာလား တောင် မေ့နေပြီ.. ထားပါတော့.. အတူတူနေလာတာကြာပြီဆိုတာ မွေးကတည်းကဆိုတော့လဲ မေ့ပြီပေါ့.. ဒါပေမဲ့ လူမွေးလာကတည်းကလား.. မြည်းမွေးလာကတည်းကလား ဆိုတာလဲ မသိတော့ပါဘူး.. နှစ်ယောက်စလုံး ဒါမှမဟုတ် နှစ်ကောင်စလုံးကတော့ မွေးကတည်းက အတူတူနေလာခဲ့ကြတာလို့ ပြောတာဘဲ.. ဘယ်သူက ဘယ်ကောင်ကို ကျေးဇူးရှိခဲ့လဲ မေးကြည့်တော့ လူကတော့ ပြန်မဖြေဘူး.. မြည်းကတော့ မျက်လုံး ပေကလပ် ပေကလပ်လုပ်ရင်း မေ့သွားပြီတဲ့..

မြည်းက ပညာမတတ်တော့ အားလုံးဟာ ဘာမှပြောင်းလဲမှုမရှိဘဲ ဒီလိုဘဲ အမြဲသွားမယ်လို့ ထင်တာပေါ့.. တဲတလုံးထဲ မှာ သေတဲ့အထိ အတူရှိသွားကြမယ့် နှစ်ယောက် သို့မဟုတ် နှစ်ကောင်လို့ ထင်တော့ အမြဲ အဆင်ပြေအောင်နေလိုက်တာပါဘဲ.. ကျွေးရင်စားမယ်.. မကျွေးရင် မစားဘူး.. လာလို့ခေါ်ရင် လိုက်မယ်.. မခေါ်ရင် နေခဲ့မယ်.. စောင်ပေးရင် ခြုံမယ်.. မပေးရင်လဲ အေးအေးလေး အိပ်ရတယ်လို့ တွေးပါတယ်တဲ့..

လူကတော့ လူဖြစ်လို့ အတွေးအခေါ်တွေနဲ့ နည်းနည်း ဇာတ်လမ်းရှုပ်ပုံရတယ်.. သူ့စိတ်ထဲမှာ အဆင်ပြေအောင်နေတဲ့ မြည်းကို ရေသာခိုတယ်လို့ ထင်တယ်.. ကိုယ့်အလုပ်တွေများရတဲ့အထဲ သူ့အတွက်ပါလိုက်တွေးပေးနေရတာ ၀န်ပိုတယ်လို့ တွေးပုံဘဲ.. ဒါကြောင့် အပြင်မှာ ရယ်မောပျော်ရွှင်တဲ့ လူဟာ မြည်းနားရောက်ရင် မျက်မှောင်ကြုတ်တော့တာဘဲ.. မြည်းက စကားတခွန်းပြောလိုက်တာနဲ့ ဘာမှမသိဘဲ လျှောက်မပြောနဲ့လို့ နောက်ထပ်အသံမကြားရအောင် ပိတ်ပစ်လိုက်တာဘဲ.. မျက်မှောင်ကြုတ်ထားပြီး  မြည်းနဲ့ဝေးတဲ့နေရာထွက်သွားဘို့ဘဲ ကြိုးစားတော့တာဘဲ..

မြည်းက ထုံပေပေနိုင်ပုံရပေမယ့် မျက်နှာကဲတော့ ခတ်တတ်ပါတယ်.. ဒါပေမယ့် လူစိတ်တိုနေတာ သူ့ကြောင့်လို့တော့ မထင်မိဘူး.. နှစ်ယောက်အတူနေကြတာ တယောက်စိတ်ညစ်ရင် တယောက်က ဖြေသိမ့်ပေးရမယ်ဆိုတာလောက်တော့ နားလည်ပါတယ်.. ဒါကြောင့် မြည်းဟာ လူအပြင်ကပြန်လာရင်  ခွေးလိုလဲ အမြီးနှန့်ပြီး လာကြိုကြည့်တယ်.. ကြောင်လိုလဲ ခြေရင်းမှာ တိုးဝှေးပွတ်သပ်ဘို့ ကြိုးစားကြည့်တယ်.. မျောက်လိုလဲ ခုန်ပေါက်ပြပြီး လူရယ်မောဘို့ အားထုတ်ကြည့်တယ်.. ဆေးအတွက်လေး ဆိုသလို ကြိုးစားမှုတိုင်းဟာ လူအတွက် ပိုပြီးစိတ်မကြည်စရာ ဖြစ်လာတော့တယ်..

နောက်ဆုံးမှာတော့ လူက မပြောချင်ဘဲနဲ့ ထုတ်ပြောလိုက်ရပါတယ်.. မြည်းဟာ သူ့ကြောင့်အတူတူနေတဲ့သူက စိတ်ညစ်နေရတာ စိတ်ရှုပ်နေရတာလို့ သိလိုက်ရတဲ့ အချိန်ကစပြီး အားပြတ်သွားသလို ခံစားလိုက်ရလို့ နေရာကတောင် မရွှေ့နိုင်လောက်အောင် ဖြစ်သွားပါတယ်.. ဒါပေမဲ့ သူ့အတွက် ပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ စားချိန်မရောက်ခင် အနီးအနားက ကောက်ရိုးစတွေ အရသာရှိရှိ မရှိရှိ ဆွဲစားထားလိုက်တယ်.. အိပ်ချိန်ထက်စောပြီး ကောက်ရိုးပုံထဲ တိုးဝင်ထားတော့ စောင်ခြုံစရာ မလိုတော့ဘူးပေါ့.. ကဲ.. ဒါဆိုရပြီလား.. ဒီလိုဘဲ သေတဲ့အထိ အတူနေကြမလား..

ဒါလဲမဟုတ်သေးဘူးတဲ့.. ကြုတ်ထားတဲ့ မျက်မှောင်က ဘယ်တော့မှ မပြေလျော့တော့မှ မြည်းက သေချာအောင် ထပ်မေးကြည့်တယ်.. ဟုတ်တယ်.. "လူဟာ မြည်းနဲ့နေခဲ့ရတဲ့ မမှတ်မိအောင် ရှည်ကြာခဲ့တဲ့ ကာလ တလျှောက်လုံး စိတ်ညစ်နေခဲ့တာတဲ့.. ဘယ်တုန်းကမှ မပျော်ခဲ့ဘူးတဲ့.."
အဲဒီ စကားအတွက် မြည်းဟာ တကယ် ရင်ကွဲသွားခဲ့တယ်.. တကယ်မရွေ့နိုင် ဖြစ်သွားတယ်..

မြည်းက လူကို ပြောလိုက်တယ်.. ပြီးခဲ့တဲ့ အချိန်တွေအတွက် အားနာပါတယ်..ထွက်သွားလိုက်ပါ.. ငါက အခု မရွေ့နိုင်လို့ ထွက်သွားမပေးနိုင်လို့ပါ..

လူက ထွက်သွားလိုက်တယ်.. ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲကလို နောက်ဆုံးအချိန်မှာ နောက်ပြန်လှည့်ကြည့် မနေပါဘူး..

မြည်းကလည်း အနီးအနားက ကောက်ရိုးမျှင်တွေနဲ့ အသက်ဆက်ရှင်နေတုန်းဘဲ.. ခွေခေါက်လဲကျ မသွားပါဘူး..

ရုပ်ရှင်ထဲကလို နောက်ခံတီးလုံးအစား ကာရံမရှိတဲ့ ရုပ်ဆိုးဆိုး ကဗျာတပုဒ်နဲ့ တွဲနားဆင်ပေးပါ..