Friday, March 23, 2012

အိမ်ပြန်ချင်တဲ့ အလွမ်း




      ဒီလ ၂၀ ရက်နေ့က အလည်ရောက်နေတဲ့ ကျမရဲ့ မောင်လေး ပြန်သွားပါတယ်.. 

      ကျမရဲ့မောင်လေးက ကျမထက် ၉ နှစ်ငယ်တော့ ကျမက သူငယ်ငယ်က သားလို့ဘဲ ခေါ်နေကျပြီးသူကလဲ အခုထိ ကျမနဲ့ စကားပြောရင် သူ့ကိုယ်သူ သားလို့ ပြောတုန်းပါဘဲ။

       သူပြန်သွားတော့ ကျမငိုမလားလို့ ယောင်္ကျားက ကျမကို မျက်နှာကြည့်ရင်းနဲ့ ဘာသွားစားကြမလဲလို့ အာရုံလွှဲတဲ့ စကားဆိုပါတယ်။
       ကျမကလဲ ဘာမှမလွတ်ရအောင် ကော်ဖီဘဲသောက်ကြရအောင်လို့ ခပ်တည်တည်နဲ့ ပြောပြီး ကော်ဖီဆိုင်မှာ ထိုင်တော့မှ အစဉ်အလာမပျက် မျက်ရည် တပေါက်နှစ်ပေါက် ထွက်ပါတော့တယ်။

         မောင်လေးရောက်နေခိုက်မှာ သူနဲ့ စကားပြောတိုင်း ကျမဘယ်တော့ ပြန်လာမယ်လို့ တခွန်းမှ မဟဘဲ လုပ်စရာရှိတာတွေကို နင်ကြုံရင် ဘာလုပ်ပေး၊ နင်အားရင် ဘာလုပ်ထားနဲ့ မှာတမ်းရှည်တွေ တပုံတပင်ပေးလိုက်တော့သူလဲ လုပ်စရာ တွေပိပြီး ပြန်သွားရရှာပါတယ်။ အစ်မက ၉ နှစ်ကြီးတော့ သူက ကိုယ်ဘာသာကိုယ် ပြန်လာလုပ်ပါလားလို့ ငယ်ငယ်ကလို ဘုဂလန့် မပြောတော့ပါဘူး။ သူတော်တော် လိမ္မာလာပြီး အစ်မကတော့ တော်တော် မိုက်လာပါတယ်။ ကြီးမိုက်ပေါ့.. 
         သူကလဲ အငယ်ပီသစွာ ကျန်းမာရေးဂရုစိုက်ဘို့၊ စိတ်အေးချမ်းသာအောင် နေတတ်ဘို့၊ ဂလန့်လုပ်တာတွေ လျှော့ဘို့ ကို လှည့်ပတ်ပြီး နားလည်အောင်ပြောပါတယ်.. အေးပါ အေးပါ .. ငါမှာတာတွေ မမေ့နဲ့လို့ မြန်မြန်လက်စသပ်လိုက်တာပေါ့..  ငါက အကြီးဘဲ.. သူမှာတာတွေ ငါမေ့လို့ရတာပေါ့. ဟိ ဟိ 

      ကျမမှာလိုက်တဲ့ ကိစ္စတွေထဲက တခုဖြစ်တဲ့ သူ့သားလေးဘို့ အ၀တ်အစားတွေတော်မတော် ၀တ်ပြပြီး ဓါတ်ပုံပို့ပေးဆိုတဲ့ အမှာစာကို သူပထမဆုံး အကောင်အထည်ဖေါ်ပါတယ်။ သားလေးဟာ အင်္ကျီတွေ ဘောင်းဘီတွေဝတ်ပြလိုက်၊ ကစားစရာတွေကို ထုတ်ဆော့နေလိုက်၊ ကျောပိုးအိတ်ကို လက်ကိုင်က ဆွဲပြလိုက်နဲ့ တော်တော် စိတ်ညစ်နေတဲ့ပုံလေးတွေ ရောက်လာပါပြီ။ ယောက်မ ပစ္စည်းတွေ ထိုင်ရှင်းနေရတဲ့ပုံလဲပါလာပါတယ်။ 

       ကိုယ်ဝယ်ပေးလိုက်တာလေးတွေ သူနဲ့လိုက်သား၊ တော်သားနဲ့  တွေးမိပေမဲ့ ကျမပျော်ရမယ့်အစား ငိုချင်လာပြန်ပါပြီ။ အဓိက က ဓါတ်ပုံတိုင်းမှာပါတဲ့  ကြမ်းပြင် တရားခံပါဘဲ။ 
   
         ဘာဖြစ်လို့ ကြမ်းပြင်က တရားခံ ဖြစ်ရတာလဲ မမေးပါနဲ့.. ဒီကြမ်းပြင်က  ကျမအဖေနဲ့ အမေက မိုးတွေဆက်တိုက်စွေနေလို့၊ သမံသလင်းနဲ့ ခြေထောက်မထိနိုင်အောင်အေးလို့ဆိုပြီး လက်သမားဆရာ ချက်ခြင်းခေါ် ချက်ခြင်းသစ်ဝယ်ပြီး ခင်းခဲ့တဲ့ တကယ့် မိဘအမွေအနှစ်ပါ။ 
         ကျမနဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့ တဲ့ ကြမ်းပြင်ပါ။ ဒီကြမ်းပြင်မှ ကျမလက်ရာတွေ၊ ကြောရာတွေ၊ ခြေရာတွေ အပြည့် ရှိပါတယ်။  

    ပင်ပင်ပန်းပန်း ကြမ်းတိုက်ရလို့ အမြဲ ပြသနာရှာခဲ့တဲ့ ကြမ်းပြင်ပါ။ ခွာပစ်ပြီး ကြွေပြားခင်းပစ်မယ်လို့ အမြဲတွေးခဲ့တဲ့ ကြမ်းပြင်ပါ။ 
    ဒါပေမဲ့ ဓါတ်ပုံထဲမှာ မြင်ရတဲ့ ကြမ်းပြင်ပေါ်မှာ ကျမ ပါးနဲ့ ကပ်ပြီး အိပ်ချင်ပါတယ်။ ဖျာတောင် မခင်းချင်ပါဘူး..

      TV ပျက်သွားတယ်။ ဆိုင်ပို့ထားတယ်လို့ မောင်လေးကပြောတော့ ကျမက ထားလိုက်တာမဟုတ်ဘူး.. ငါပြန်လာတော့မှ ပြင်မှာပေါ့လို့ ပြောလိုက်ပါတယ်။ 
      ဒီဟာကျမှ ငါပြန်လာမှလုပ်မယ် ပြောတော့ မောင်လေးက ထူးဆန်းပြီး မေးလို့နင်ပိုက်ဆံကုန်မှာပေါ့.. ထားလိုက်..လို့ ကျမဖြေလိုက်ပါတယ်။ အဆီအငေါ်မတည့်မှန်းတော့ သိပါတယ်။ ပြန်ဘို့တော့ အကြောင်းရှာမှ ဖြစ်တော့မယ်လေ...


ဗမာဆိုင်းဝိုင်းစစ်စစ်နဲ့ ဆိုထားတဲ့ လက်ရေတပြင်တည်း (တကယ့်သီချင်းနံမည်က ဇာတိနွယ် ပါ) သီချင်းကို YouTube မှာ တွေ့လို့ တင်ပေးလိုက်ပါတယ်။ အားလုံး ကျမလို လွမ်းစေချင်လို့.. 



No comments:

Post a Comment