Thursday, February 19, 2015

အချိန်လွန် အိပ်မက်

http://www.creaturesinmyhead.com/artwork/creatures/2008/if-you-dont-do-it-now-youll-never-do-it/

လွန်ခဲ့တဲ့ ၂ နှစ်လောက်က စိတ်ရှုပ်နေတဲ့နေ့တနေ့မှာ google search က bird without wings လား၊ bird with tied wings လား မမှတ်မိတော့.. ရိုက်ထည့်ပြီး ရှာကြည့်မိတဲ့ အခါ ထွက်လာခဲ့တဲ့ ပုံ နဲ့ web page လေးပါ..

ဘယ်နေရာတူလဲ မသိပေမယ့် ကိုယ့်ပုံကို ပြန်မြင်ရသလို စိတ်ထဲထင်မိလို့ မကြာခဏ သွားကြည့်မိတယ်.. ပေးထားတဲ့ caption က "If you don't do it now, you'll never do it"  ပါတဲ့..
သူရဲ့ ဆုံးဖြတ်ရခက်တဲ့ မျက်နှာထားနဲ့ ကမ်းပါးအစပ်က ပေးထားတဲ့ caption နဲ့ ကိုက်ညီလွန်းလှတယ်..

ကျမကလဲ caption တခုဖြည့်ချင်နေခဲ့ပေမဲ့ ထုံးစံအရ နှောင့်နှေးနေခဲ့တာ အခုထိပါဘဲ..

အမွှေးအတောင်စုံတဲ့ အရွယ်မှာ အတောင်ချုပ်ပြီး နေထိုင်ခဲ့သူက အတောင်တွေ မဆန့်နိုင်တော့တဲ့ အချိန်ကျမှ တသက်လုံးနားနေတာ .. အခု ပျံပြတော့လို့ အပြောခံရရင်.. သူ့လို ကမ်းပါး အစပ် တက်ရပ်ပြီး ပျံပြရတော့မယ် ထင်ပါရဲ့..

Do or die!

ဒါမှမဟုတ်            Fly or die! ပေါ့နော်..










Friday, November 1, 2013

သမုဒ္ဒရာ၌ပင်လျှင် အဆုံးသတ် ကမ်းစပ်ရှိသည်။

အတိုင်းမသိပေမယ့် အတိုင်းအတာက ရှိတော့ရှိနေပါတယ်။ ကိုယ်လက်လှမ်းမမှီပေမယ့် အဝေးတနေရာမှာတော့ အနားသတ်ဘောင်တခု ရှိနေပါတယ်။ မမြင်ရလို့ မရှိဘူးထင်နေကြပေမယ့် အရာရာတိုင်းအတွက် စည်းတခု ဘောင်တခု အနားသတ်တခု အမြဲရှိတယ်လို့ လက်ခံထားပါတယ်။

ဒီဘက်ကမ်းက လှမ်းကြည့်လို့ မမြင်ရပေမယ့် ပင်လယ် သမုဒ္ဒရာမှာ ဟိုဘက်ကမ်း ရှိကို ရှိနေပါတယ်..
မိုးကုပ်စက်ဝိုင်း ဘယ်မှာဆုံးလဲ ဆိုတာ ကိုယ့်အစွမ်းအစနဲ့ မတိုင်းတာနိုင်ပေမယ့် စည်းမမြင်ရတဲ့ လေဟာနယ်ရောက်ရင် မိုးကောင်းကင်ရဲ့ အဆုံး ရှိကို ရှိနေပါတယ်..
မြင်ရမယ့် ဘောင်တွေအတွက် ဘာမှပြောစရာမရှိပါ။  ကာရံထားတာ ကျော်ဝင်ရင် ဘာဖြစ်နိုင်တယ်ဆိုတာ သိပြီးသားနဲ့ လုပ်တာမို့ ပြောစရာလဲ မလိုပါဘူး..
ကာရံမထားတဲ့ ကိစ္စတွေ အတွက်ဘဲ ပြောချင်ပါတယ်..

လူတယောက်ရဲ့ သည်းခံနိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို မမြင်ရလို့ အဲဒီဘောင်မရောက်သေးဘူးထင်ပြီး ထပ်ခါထပ်ခါ မစမ်းပါနဲ့..
ချစ်ခင်သူတွေရဲ့ မေတ္တာအတိုင်းအတာ ကို မသိဘဲနဲ့ ထပ်ခါထပ်ခါ မစော်ကားမိပါစေနဲ့..

တောင်အမြင့် တခုရဲ့ အနားသတ်အဆုံးမှာ ချောက်ကမ်းပါးတခု ရှိနေတတ်ပါတယ်...
လေအရမ်းငြိမ်သွားရင် မုန်တိုင်းတခု စ, သလိုမျိုးပေါ့လေ..
တခုရဲ့ ဘောင် အဆုံးသတ်ဟာ ဆန့်ကျင်ဘက်တခု ဖြစ်နေတတ်လို့ပါ..


Friday, June 7, 2013

ကောင်းကင်နှင့် ရေပြင်

ဆွဲဆောင်အားပြင်းတဲ့ ရေပြင်နဲ့ အနားသတ်ဘောင်မြင်ရတဲ့ ကောင်းကင်..











မိုးရေထဲမှာ....



မိုးရေထဲမှာ ...














Monday, January 28, 2013

အတွေးပုံပြင်(၂)

ဒီတခါတော့ ထုံပေပေ ခံစားမှုမဲ့ပုံရတဲ့ မြည်းတကောင်အကြောင်း ပြောပြချင်ပါတယ်..
လူတယောက်နဲ့ မြည်းတကောင် အတူတူနေတာကြာလှပါပြီ.. မြည်းက လူကိုမွေးစားတာလား.. လူက မြည်းကိုမွေးစားတာလား တောင် မေ့နေပြီ.. ထားပါတော့.. အတူတူနေလာတာကြာပြီဆိုတာ မွေးကတည်းကဆိုတော့လဲ မေ့ပြီပေါ့.. ဒါပေမဲ့ လူမွေးလာကတည်းကလား.. မြည်းမွေးလာကတည်းကလား ဆိုတာလဲ မသိတော့ပါဘူး.. နှစ်ယောက်စလုံး ဒါမှမဟုတ် နှစ်ကောင်စလုံးကတော့ မွေးကတည်းက အတူတူနေလာခဲ့ကြတာလို့ ပြောတာဘဲ.. ဘယ်သူက ဘယ်ကောင်ကို ကျေးဇူးရှိခဲ့လဲ မေးကြည့်တော့ လူကတော့ ပြန်မဖြေဘူး.. မြည်းကတော့ မျက်လုံး ပေကလပ် ပေကလပ်လုပ်ရင်း မေ့သွားပြီတဲ့..

မြည်းက ပညာမတတ်တော့ အားလုံးဟာ ဘာမှပြောင်းလဲမှုမရှိဘဲ ဒီလိုဘဲ အမြဲသွားမယ်လို့ ထင်တာပေါ့.. တဲတလုံးထဲ မှာ သေတဲ့အထိ အတူရှိသွားကြမယ့် နှစ်ယောက် သို့မဟုတ် နှစ်ကောင်လို့ ထင်တော့ အမြဲ အဆင်ပြေအောင်နေလိုက်တာပါဘဲ.. ကျွေးရင်စားမယ်.. မကျွေးရင် မစားဘူး.. လာလို့ခေါ်ရင် လိုက်မယ်.. မခေါ်ရင် နေခဲ့မယ်.. စောင်ပေးရင် ခြုံမယ်.. မပေးရင်လဲ အေးအေးလေး အိပ်ရတယ်လို့ တွေးပါတယ်တဲ့..

လူကတော့ လူဖြစ်လို့ အတွေးအခေါ်တွေနဲ့ နည်းနည်း ဇာတ်လမ်းရှုပ်ပုံရတယ်.. သူ့စိတ်ထဲမှာ အဆင်ပြေအောင်နေတဲ့ မြည်းကို ရေသာခိုတယ်လို့ ထင်တယ်.. ကိုယ့်အလုပ်တွေများရတဲ့အထဲ သူ့အတွက်ပါလိုက်တွေးပေးနေရတာ ၀န်ပိုတယ်လို့ တွေးပုံဘဲ.. ဒါကြောင့် အပြင်မှာ ရယ်မောပျော်ရွှင်တဲ့ လူဟာ မြည်းနားရောက်ရင် မျက်မှောင်ကြုတ်တော့တာဘဲ.. မြည်းက စကားတခွန်းပြောလိုက်တာနဲ့ ဘာမှမသိဘဲ လျှောက်မပြောနဲ့လို့ နောက်ထပ်အသံမကြားရအောင် ပိတ်ပစ်လိုက်တာဘဲ.. မျက်မှောင်ကြုတ်ထားပြီး  မြည်းနဲ့ဝေးတဲ့နေရာထွက်သွားဘို့ဘဲ ကြိုးစားတော့တာဘဲ..

မြည်းက ထုံပေပေနိုင်ပုံရပေမယ့် မျက်နှာကဲတော့ ခတ်တတ်ပါတယ်.. ဒါပေမယ့် လူစိတ်တိုနေတာ သူ့ကြောင့်လို့တော့ မထင်မိဘူး.. နှစ်ယောက်အတူနေကြတာ တယောက်စိတ်ညစ်ရင် တယောက်က ဖြေသိမ့်ပေးရမယ်ဆိုတာလောက်တော့ နားလည်ပါတယ်.. ဒါကြောင့် မြည်းဟာ လူအပြင်ကပြန်လာရင်  ခွေးလိုလဲ အမြီးနှန့်ပြီး လာကြိုကြည့်တယ်.. ကြောင်လိုလဲ ခြေရင်းမှာ တိုးဝှေးပွတ်သပ်ဘို့ ကြိုးစားကြည့်တယ်.. မျောက်လိုလဲ ခုန်ပေါက်ပြပြီး လူရယ်မောဘို့ အားထုတ်ကြည့်တယ်.. ဆေးအတွက်လေး ဆိုသလို ကြိုးစားမှုတိုင်းဟာ လူအတွက် ပိုပြီးစိတ်မကြည်စရာ ဖြစ်လာတော့တယ်..

နောက်ဆုံးမှာတော့ လူက မပြောချင်ဘဲနဲ့ ထုတ်ပြောလိုက်ရပါတယ်.. မြည်းဟာ သူ့ကြောင့်အတူတူနေတဲ့သူက စိတ်ညစ်နေရတာ စိတ်ရှုပ်နေရတာလို့ သိလိုက်ရတဲ့ အချိန်ကစပြီး အားပြတ်သွားသလို ခံစားလိုက်ရလို့ နေရာကတောင် မရွှေ့နိုင်လောက်အောင် ဖြစ်သွားပါတယ်.. ဒါပေမဲ့ သူ့အတွက် ပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ စားချိန်မရောက်ခင် အနီးအနားက ကောက်ရိုးစတွေ အရသာရှိရှိ မရှိရှိ ဆွဲစားထားလိုက်တယ်.. အိပ်ချိန်ထက်စောပြီး ကောက်ရိုးပုံထဲ တိုးဝင်ထားတော့ စောင်ခြုံစရာ မလိုတော့ဘူးပေါ့.. ကဲ.. ဒါဆိုရပြီလား.. ဒီလိုဘဲ သေတဲ့အထိ အတူနေကြမလား..

ဒါလဲမဟုတ်သေးဘူးတဲ့.. ကြုတ်ထားတဲ့ မျက်မှောင်က ဘယ်တော့မှ မပြေလျော့တော့မှ မြည်းက သေချာအောင် ထပ်မေးကြည့်တယ်.. ဟုတ်တယ်.. "လူဟာ မြည်းနဲ့နေခဲ့ရတဲ့ မမှတ်မိအောင် ရှည်ကြာခဲ့တဲ့ ကာလ တလျှောက်လုံး စိတ်ညစ်နေခဲ့တာတဲ့.. ဘယ်တုန်းကမှ မပျော်ခဲ့ဘူးတဲ့.."
အဲဒီ စကားအတွက် မြည်းဟာ တကယ် ရင်ကွဲသွားခဲ့တယ်.. တကယ်မရွေ့နိုင် ဖြစ်သွားတယ်..

မြည်းက လူကို ပြောလိုက်တယ်.. ပြီးခဲ့တဲ့ အချိန်တွေအတွက် အားနာပါတယ်..ထွက်သွားလိုက်ပါ.. ငါက အခု မရွေ့နိုင်လို့ ထွက်သွားမပေးနိုင်လို့ပါ..

လူက ထွက်သွားလိုက်တယ်.. ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲကလို နောက်ဆုံးအချိန်မှာ နောက်ပြန်လှည့်ကြည့် မနေပါဘူး..

မြည်းကလည်း အနီးအနားက ကောက်ရိုးမျှင်တွေနဲ့ အသက်ဆက်ရှင်နေတုန်းဘဲ.. ခွေခေါက်လဲကျ မသွားပါဘူး..

ရုပ်ရှင်ထဲကလို နောက်ခံတီးလုံးအစား ကာရံမရှိတဲ့ ရုပ်ဆိုးဆိုး ကဗျာတပုဒ်နဲ့ တွဲနားဆင်ပေးပါ..


Friday, December 21, 2012

တိမ်တွေနဲ့ ဆွဲတဲ့ ပန်းချီကား

စုတ်ချက် ဒေါင်လိုက်ဆွဲထားတဲ့ နေ့
















 အလျားလိုက် ပြေလျောလျော ဆွဲထားတဲ့ ညနေ
















တထပ်ပြီး တထပ်တင်ထားတဲ့ မိုးတိမ်
















အဆုပ်လိုက် ပြေးလွှားနေတဲ့ ရေးဟန်
















 အလင်း အမှောင်စုံအောင် ဖြည့်ထားတဲ့ တိမ်ပန်းချီ

Tuesday, December 18, 2012

အတွေးချဉ်ချဉ်

         ကိုရီးယားဇာတ်လမ်းတွဲတွေ မုန်းစရာကောင်းချက်ကတော့.. ဒါဆို မကြည့်ဘဲနေပါလားလို့တော့ မပြောပါနဲ့.. ဇာတ်လမ်းတွေမကြိုက်တတ်ပေမဲ့ အချိန်မှန် အဖေါ်ရတာ ဒီတခုဘဲရှိလို့ပါ..

          ဘာဇာတ်လမ်းဘဲ လာလာ .. မင်းသားက မင်းသား.. လူဆိုးက လူဆိုးဘဲ ဖြစ်ရမှာပေါ့..
    အခုတော့ အစပိုင်းမှာ ကောင်းလွန်းလှတဲ့ မင်းသားလေးက ဆိုးလွန်းလှတဲ့ လူဆိုးမလက်ထဲမှာ အလဲအကွဲခံရတာ သနားလို့မှ မဆုံးသေးခင်..
    သူက လူဆိုးလုပ်နေပြန်တော့ မုန်းဘဲမုန်းရမလို.. အရင်ကကောင်းခဲ့တာလေးတွေကို ဇာတ်လမ်းထဲက တခြားလူတွေ မသိပေမယ့် ကိုယ်ကသိနေတော့ မမုန်းရက်ပြန်...
     မင်းသမီး လူဆိုးမကလဲ ရှေ့ကအကြောင်းလေးတွေ ပြန်ပြပြန်တော့.. အင်း..သူလဲ ဆိုးချင်လို့ ဆိုးတာမှ မဟုတ်ဘဲ.. အကြောင်းလေးကလဲ သင့်... ရုပ်ကလေးကလဲ ချောတော့ ခွင့်လွှတ်လိုက်ဘို့ ပရိသတ်က အဆင်သင့်...

         ငယ်ငယ်က ကွဲကွာတဲ့ သားကို သားပျောက်ရှာတဲ့ အဖေက၂၅ နှစ်ကြာမှ ပြန်တွေ့တော့ သားက ပြန်မလာချင်လို့ မသိချင်ယောင် ဆောင်နေသေး..
      သနားစရာ အဖေရင်းအပြင် သူ့ကို ချမ်းချမ်းသာသာ ကျွေးမွေးပြုစုလာတဲ့ အဖေကလဲ သနားစရာကောင်းနေသေးတာကိုး..  အဖေရင်း ရဲ့ သားပျောက်ကြော်ငြာကိုရပေမဲ့ ပြန်မပေးဘဲ ချစ်လွန်းလို့ ဆက်မွေးထားတာနော်..
       ဒါနဲ့တောင် အဖေအရင်းက စင်မြင့်ပေါ်မှာ ဒူးထောက်ပြီး မွေးစားထားပေးလို့ ကျေးဇူးတင်ကြောင်းပြောတဲ့ ဇာတ်ဝင်ခန်းက ကောင်းလွန်းလို့ တီဗွီကို ပြဿနာလုပ်မလို့ရွယ်နေတဲ့လက်ကို ကျန်တဲ့လက်တဘက်က ပြန်ဆွဲထားရသေး.. 
တီဗွီထပ်ဝယ်ရရင် သူများပြဿနာက ကိုယ့်ပြဿနာဖြစ်ပြီလေ..
      ဆင်းရဲတဲ့ အဖေအရင်းကဘဲ အမြင်မှန်ရပြီးတော့ ချမ်းသာပြီး အားကိုးစရာရှာနေတဲ့ သနားစရာမွေးစားအဖေလက်ထဲ သားကို ပြန်ပေးလိုက်တော့မှ သားရော အဖေတွေရော စိတ်ချမ်းသာ..
      အဲဒီကျမှ ဒါရိုက်တာက အဖေအရင်းကိုလဲ အားကိုးစရာ နောက်မိန်းမ ပေးစားပြီး  သူတို့ ပျော်ရွှင်စွာ ဇာတ်သိမ်းလိုက်နိုင်တာ သနားစရာ.. ကျွတ် ..ကျွတ်..


 
      ယောင်္ကျားက ဖေါက်ပြန်လို့ ကွဲကြတော့မယ့် လင်မယား နှစ်ယောက်ကလဲ နတ်မင်းကြီး ကောင်းမှုကြောင့် ကိုယ်ချင်းလွဲတော့မှ တယောက်အကြောင်း တယောက်နားလည်နိုင်တော့တာ..
      အင်း.. ဟုတ်မလိုလို ရှိတုန်း အရမ်းသည်းခံနိုင်ခဲ့တဲ့ မိန်းမက အရင်ရည်းစားနဲ့ပြန်တွဲနေပြီး.. ဖေါက်ပြန်ခဲ့တဲ့ ယောင်္ကျားက မရှိတော့မှ တမ်းတတယ်ဆိုပြီး နောက်ရည်းစားကို ကန်ထုတ်ပြီး ဇနီးဟောင်းနောက် တကောက်ကောက်ပြန်လိုက်နေရတော့.. မုန်းစရာကနေ သနားစရာပြောင်းသွားပြန်ပြီ..
       နောက်က လိုက်ရှုပ်နေတဲ့ နောက်မိန်းမကလဲ အဖေအမေက စွန့်ပစ်.. အားကိုးမရှိရှာလို့ ဒီလိုဖြစ်ရရှာတာဆိုပြီး ကိုယ်ဘဲ ဒီလောက်အရွယ်ကို မွေးစားရတော့မလိုလိုတွေး..

          မပြောင်းမလဲတာက  အူကြောင်ကြောင်နဲ့  တွေ့သမျှ မြင်သမျှ ခံစားပြီး
    အရေမရ အဖတ်မရ .. ဘယ်ဇာတ်လမ်းမှ ဆုံးအောင်ကြည့်လို့မရ..
     ဘာကြီးလဲဟ.. လူတွေကဒီလိုဘဲ ပြောင်းလဲတတ်ပါပေ့.. မျက်နှာကြီးရာ ဟင်းဖတ်ပါတာပေါ့...     ဘာညာမှတ်ချက်တွေနဲ့     ဆရာကြီးလိုလို..  ဇာတ်လမ်းတိုင်းကို တရားစီရင်သလို.. "လူဆိုးဆိုရင် ထောင်ထဲဝင်.. လူကောင်းဆိုရင် မာစီးဒီးစီး"လို့.. ရိုးရိုးကြီးအတွေးနဲ့ ကြည့်နေတဲ့သူဘဲ စိတ်အချဉ်ပေါက်ပြီး..လူကြမ်းဖြစ်ကျန်ခဲ့ရ..












Monday, November 26, 2012

Status



Unable to move,
  Fear to stand still,
    Dwell in tremble with pain inside,
      Looks more stable in silence.




Friday, October 12, 2012

စိုင်းထီးဆိုင်ရဲ့ မေမြို့ည

  

        
        ကျမအလုပ်ဝင်ခါစမှာ နယ်ကိုသွားရတော့ မနက်ဘက်မှာ အလုပ်ကိုသွားဘို့ အပြေးအလွှား အချိန်လုနေရတာမို့ မလွမ်းအားပေမယ့် ..
       
        ညနေဘက်အိမ်ပြန်ရောက်လို့ ချက်ပြုတ်စားသောက်လို့ပြီးတဲ့အချိန်... မှောင်ရီပျိုးလာတာနဲ့ အလုပ်လုပ်စရာမရှိတော့တာနဲ့ .. အချိန်ကိုက်ဘဲမို့  အဲဒီအချိန်မှာ လွမ်းစရာရှိတာတွေကို အကုန်လွမ်းတော့တာပါဘဲ.. အဖေအမေလဲလွမ်း..  ဘာညာလဲလွမ်း.. ပေါက်ဆီလဲလွမ်း.. သစ်ပင်လဲလွမ်း.. ၀က်မကြီးလဲလွမ်းပေါ့...

       အိပ်မပျော်မချင်း ကက်ဆက်ကို အဆက်မပြတ်ဖွင့်ပြီး လွမ်းရတဲ့ အရသာဟာ ကော်ဖီလိုဘဲ ခါးသလိုလို ချိုသလိုလိုပေါ့.. အမြည်း ကော်ဖီခွက်ကလဲ ဘေးမှာ အဆင်သင့်လေ..
      
        စိုင်းထီးဆိုင်ရဲ့" မေမြို့ည" ကို ကက်ဆက်ကကြားခါစက  မျက်ရည်ကျလောက်အောင် လွမ်းလို့ထပ်ခါထပ်ခါဖွင့်လိုက်ကြတာ.. ကျမနဲ့ တအိမ်ထဲ အတူနေတဲ့ သူငယ်ချင်းအစ်မ နဲ့ နှစ်ယောက်သား.. သူတလှည့်ဖွင့်လို့ပြီးသွားရင် ကိုယ်တလှည့်ဖွင့်....

        စိုင်းထီးဆိုင်ရဲ့ အသံဝဲ၀ဲလေးကို သေချာနားလည်လာတော့မှ .. ဟင်.. ဒီသီချင်းက ဖဲဝိုင်းမှာထိုင်ရင်း လွမ်းနေတာပါလားလို့ သိလာတာ..  စိတ်ထဲမှာ ခုလုခုလု ဖြစ်သွားပေမဲ့ သံစဉ်နဲ့စာသားကို အရမ်းကြိုက်တော့ ထပ်ပြီး  မဖွင့်ဘဲ မနေနိုင်.. မလွမ်းဘဲ မနေနိုင်..       ဟိဟိ..  ခုထိကြိုက်နေတုန်းဘဲ..

       အခုများ  Angry Bird ပစ်ရင်း လွမ်းတဲ့ သီချင်းရေးပေးရင်  အဲဒီလို လွမ်းလွမ်းလေး ဆိုလိုက်ချင်သေးတယ်..

( ဒီသီချင်း upload လုပ်ထားပေးတဲ့ http://www.youtube.com/user/kyaw246 ကိုကျေးဇူးတင်ပါတယ် )

Thursday, September 27, 2012

မှတ်စု

မှတ်စု(၁)


ဒီလိုတွေ ဟိုလိုတွေ စကားတွေ အများကြီးပြောပြီးမှ
  သဘောပေါက်လိုက်တာက အကြောင်းနှစ်ချက်ဘဲ ရှိတယ်.. 
  မျိုချခဲ့တဲ့ စကားက နှစ်ခွန်းထဲပေမယ့်
  ဘယ်လောက်တောင် ဖေါင်းပွလိုက်သလဲ.. ရင်ထဲ ကြပ်နေတာဘဲ..
  အမှန်တရားက ဘယ်လောက်ခါးသီးသလဲဆိုတာ
  ကိုယ်တွေ့ကြုံမှ သေလုအောင်ခါး..





မှတ်စု(၂)  


ဒူးမထောက်ဘူး အသေခံမယ်လို့ စိမ်ခေါ်ပြီးမှတော့
  ဘယ်ခြောက် ညာလှမ်းနဲ့ ဒူးထောက်ဘို့ဘဲ တွန်းအားပေးနေရင်
  သူဘာလိုချင်နေလဲဆိုတာ သိဘို့ကောင်းတာပေါ့..
  နှစ်ခုလုံး ဘာရရ လိုချင်နေတယ်ဆိုတာ..






မှတ်စု (၃) ၁၂ ရက် စက်တင်ဘာ ၂၀၁၂

မနက်ခင်း လေအေးနဲ့ နေခြည်နွေးကို ရတဲ့အခါ  မင်္ဂလာပါ ကမ္ဘာကြီး လို့နှုတ်ဆက်ရင်း 
       အသက်ရှင်နေရတာ ကျေးဇူးတင်ခဲ့.. 
      ၂၀၀၅ မနက်ခင်းတခုမှာ..

ပူပြင်းတဲ့ နေ့လည်မှာ လေရိုင်းတွေတိုက်ရင် အကာအကွယ်ရှာရင်း
       ဘ၀ဆိုတာ ဒါလားတွေးရင်း..  
      ၂၀၁၀ နေ့လည်ခင်းတခုမှာ..

ညနေခင်းရဲ့ သူများတွေ အမောဖြေစရာ ရှုခင်းကို
       ရယ်တ၀က် ငိုတ၀က် ငေးမောရင်း
       အမောပြေတာလား .. လက်လျှော့တာလား မရေမရာ.. 
      ၂၀၁၂ နှစ်ဆန်းက ညနေခင်းတခုမှာ..

ညရဲ့ တိတ်ဆိတ်မှုမှာ ဘာမှားခဲ့လဲ .. ဘာက အမှန်တရားလဲ ပြန်သုံးသပ်ရင်း
      မနက်မှာ နိုးလာချင်သလား ဆက်အိပ်လိုက်ရတော့မလား..
      ပူလိုက်အေးလိုက် ငိုလိုက်ရယ်လိုက်
      ပေဖြစ်ရင် ခံလိုက်ပေါ့.. တူတော့ တစ်ခါလေးတောင် မဖြစ်ခဲ့တဲ့ သံသရာ
      လွတ်အောင်ရုန်းချင်လား.. သေတဲ့ထိ ခေါင်းငုံ့နေရတော့မလား မသေချာ...
      ၂၀၁၂ စက်တင်ဘာ..


Monday, September 3, 2012

ဒီနေ့


             ညကအိပ်မရဘူး.. လေမတိုက်တော့ တော်တော်ပူတယ်.. air cond ဖွင့်ဘို့စဉ်းစားလိုက်ရင်လဲ PUB bill  အကြီးကြီးထွက်လာမှာ စိုးလို့ ပေ အိပ်လိုက်တယ်..
             ယောင်္ကျားက တစ်ညလုံးချောင်းဆိုးပြီး မနက်ကျတော့ သူမဟုတ်သလိုနဲ့ ရုံးထသွားတယ်.. 
ကိုယ်ကတော့ အိပ်မပျော်ခဲ့တာ ကိုယ်မဟုတ်သလိုနဲ့ ပြန်မအိပ်ဘဲ ကွန်ပြူတာရှေ့ရောက်နေပြီ..

            ကွန်ပြူတာထဲမှာလဲ ဆူညံနေတယ် .. ပြည်တော်ပြန်တွေကို ကြိုဆိုသူနဲ့ ဦးအောင် ခေါင်းလှမ်းရိုက်ချိုးတဲ့သူနဲ့..
             အချင်းချင်းသတ်လို့ အပြစ်ကြီးသလား.. ဆန့်ကျင်ဘက်ကို သတ်လို့ အပြစ်ကြီးသလား.. ကိုယ်စဉ်းစားတော့လဲ သူများအသက်သတ်ရင် အပြစ်ကြီးတာဘဲ မဟုတ်လား..
            စိတ်ဆင်းရဲအောင် လုပ်တာနဲ့တင် အပြစ်ရှိနေပြီလို့ တွေးနေမိတယ်..

          ရှေ့ဆက်တိုးဘို့ အဓိကလား.. နောက်ကြောင်းရှင်းဘို့ အဓိကလား..
အင်း... ရှေ့တိုက်က ဆေးရောင်အဖြူကြီးကတော့ ကိုယ်မျက်လုံးကို ပင်ပန်းစေတယ်.. လီရှန်လုံးကို တိုင်ရင်ကောင်းမလား..
          အလင်းရောင်ကို မကြည့်နိုင်လို့ TV ဘက်လှည့်တော့ TVက မင်းသမီးရှေ့မှာ ပြတင်းပေါက်ကို ကျောပေးထားတဲ့ ကိုယ့်အရိပ်မဲမဲကြီး.. အမယ်လေး.. သရဲကားကြည့်ရသလိုဘဲ..

            မနက်က ပေါင်မုန့် ၃ ချပ်ဘဲကျန်လို့ ယောင်္ကျားကို ၂ ချပ်မီးကင် ထောပတ်သုတ်ပေးပြီး ကိုယ်တစ်ချပ်နဲ့ မနက်စာပြီးလိုက်ရလို့ စောစောစီးစီး ဘိုက်ဆာနေတာ  ဘယ်သူ့ကို တိုင်ရင်ကောင်းးမလဲ..
            Canadian Pizza ဆိုရင် မြန်မြန်မရဘူး.. အိမ်နား ဒိလောက်ကပ်နေတာတောင် ၄၅ မိနစ်စောင့်ရမယ်တဲ့.. ရောင်းရဦးမယ်..

           ဘိုက်ထဲမှာ ဘာမှ ရေရေရာရာ မရှိတာတောင် အစာမကျေတာတွေ များလိုက်တာ.. တော်ပြီ.. ပြန်အိပ်တော့မယ်..
           ဘိုက်ထဲက ဂွီကနဲ မြည်ပြီး ပြန်နိုးလာတော့မှ စားစရာထရှာစားတော့မယ်.. 
Mr Bean  အိုက်တင်နဲ့ ရေခဲသေတ္တာထဲ ဘာမှ မရှိမှန်းသိပေမယ့်  လိုက်ရှာကြည့်လိုက်ရင်း ..
 ကြက်ဥတွေ တွေ့တော့မှ ၀မ်းသာသလို အမူအရာ လုပ်ပြီး ကြော်စားလိုက်တော့မယ်..          ဆီကျန်သေးပါစေ... (အိပ်ယာထဲက ဆုတောင်းသံ)

Tiger green tea လေး သောက်ကြပါဦး ...


Monday, July 30, 2012

အဝေးက အရာများ..




မျက်စေ့ရဲ့ အဆုံးမှာ မိုးရွာနေတယ်...
လေတိုက်တဲ့အခါ မိုးသက်လေရဲ့ မွှေးတဲ့အနံ့ကိုတောင် ရလာသလိုဘဲ..
အေးမြခြင်းကို မျက်လုံးနဲ့ ဘဲ လှမ်းခံစားကြည့်တယ်..
စိတ်ကူးထဲမှာ မိုးရေကို လက်နဲ့ခံရင်း ကျောရိုးထဲထိ စိမ့်အေးတဲ့ အရသာကို တွေးကြည့်တယ်...

အဲဒီမှာ မိုးရွာပြီး ဘာလို့ ငါ့ဆီကို မိုးကမလာတာလဲ.. လောဘများတဲ့ငါ..
မြင်ရုံနဲ့ ခံစားလို့ မရဘူးလေ.. မုဒိတာမရှိတဲ့ ငါ..
သူတို့ ရေပုံးမှာ လျှံနေပြီလေ.. ဘာလို့ ချောင်းကြည့်နေတာလဲ.. ဥပက္ခာမရှိတဲ့ ငါ..

 လိုချင်တာရနေရင်တော့ မပူလောင်ဘူး...
 ဆုံးရှုံးတာ မရှိရင်တော့ တရားနဲ့ဖြေစရာမလိုဘူး..

 ဒုက္ခတွေ့လို့သာ မကြာခဏ ဘုရားတ တတ်တာဆိုတော့  နိဗ္ဗာန်နဲ့ ခြေတလှမ်း ပိုနီးပြီ..
(ဟင်... ငါက သာ တာပေါ့.....)

ပိုဝေး သွားလား ..



Wednesday, July 4, 2012

ငါ ဘာကောင်လဲ?





ဝေးနေတုန်းက သတိရတယ်ပြောတာကို ယုံစားပြီး
နီးတော့မှ ကန်ထုတ်နေလားလို့ မြင်ရတာတောင် မယုံရဲတဲ့ကောင်..

ကိုယ့်အတွက် အချိန်တွေသုံးဘို့ နှမြောလို့
မင်းအတွက် အချိန်တွေပေးရင်း အချိန်တန်ဘိုး မသိတဲ့လူလို့ သမုတ်ခံရတဲ့ကောင်..

အဆင်သင့်တွေ လုပ်ပေးလို့ မြင်ရတာလွယ်ကူနေတော့လဲ
မင်းအမြင်မှာ တန်ဘိုးမရှိတာတွေဘဲ လုပ်နေတဲ့ကောင်...

တန်ဘိုးမထားတာတွေ မလုပ်တော့ရင်လဲ
တန်ဘိုးရှိမယ့်ဘာမှ လုပ်စရာမရှိတော့တဲ့ကောင်..

လုပ်ကိုင်ရင်းနဲ့ အမှားတွေ့မလားလို့
တခွန်းကပိုမေးမိလို့ ငတုံး ငအ အမြင်ခံရတဲ့ကောင်...


မမြင်ချင်လို့ ရှောင်နေမှန်းမသိဘဲ
စိတ်ညစ်နေလားလို့ အလိုက်မသိ ဖေးမ,ဘို့ ကြိုးစားမိတဲ့ကောင်..

အနားသွားရင် အနှောက်အယှက်ဖြစ်မလားတွေးလို့
အလိုက်သိ ရှောင်နေတာများတော့ အမေ့ခံရတဲ့ကောင်..

အဝေးက ငေးကြည့်ရင်း.. ဘာလုပ်ပေးနိုင်မလဲ တွေးကြည့်ရင်း
အနီးက နေရာပျောက်သွားရတဲ့ကောင်..

သံယောဇဉ် ဆိုတာကို ဖြတ်ဘို့ကြိုးစားရင်း
ချစ်ရမှန်း မသိတော့ မုန်းရမှန်းလဲ မသိတော့တဲ့ကောင်...

မသိတာတွေများတော့ ခေါင်းပေါ်တက်လဲမသိ
ခြေထောက်နဲ့ ပိတ်ကန်ခံရလဲ မသိသလိုနေနိုင်တဲ့
ထုံပေပေ အကောင်..


အကောင်တော့ အကောင်... ဘာကောင်မှန်း ကိုယ်တိုင်တောင် မသိတော့တဲ့ အကောင်..


Tuesday, July 3, 2012

Bonsai


        Chinese garden ထဲက Bonsai သစ်ပင် သက်ကြီးပုလေးတွေ.. 





       အမြင်လှဘို့... အသက်ရှည်ပေမဲ့ ချစ်စဘွယ်ဖြစ်ဘို့.. အကန့်အသတ်နဲ့ နေခဲ့ရတဲ့ သက်တမ်းတွေကို ပန်းအိုးလေးတွေမှာ စာထိုးထားပါတယ်.. နှစ်ပေါင်း ၆၀.. ၇၅.. ၈၀.. ၁၀၀ စသည်ဖြင့်ပေါ့.. 
          


         တွေ့စက ချစ်ဘို့ကောင်းလိုက်တာလို့ တွေးပေမဲ့...
   
       ခုတော့ သူတို့ရဲ့သက်တမ်းရှိသမျှမှာ  အကန့်အသတ်နဲ့ သုံးစွဲခဲ့ရတဲ့ မြေဆီသြဇာနဲ့ အကန့်အသတ်ရှိတဲ့ အမြစ်ထိုးဖေါက်စွဲဝင်နိုင်မှုတို့ကို တစိမ့်စိမ့် သဘောပေါက်လာပြီး  အသက်ရှူကြပ်လောက်အောင် ကိုယ်ချင်းစာစိတ်ဖြစ်လာစေတဲ့ ပုံလေးတွေပါ..


   သစ်ပင်တွေကို သဘာဝအတိုင်း ရေ မြေ လေ အားလုံး လိုချင်သလောက် စုပ်ယူနိုင်ဘို့...
   အမြစ်တွေ အကိုင်းတွေ သွားချင်သလောက် ခရီးဆန့်နိုင်ဘို့.. အခွင့်အရေးပေးပြီး မိခင်မြေကြီးပေါ်မှာဘဲ စိုက်ကြရအောင်..

               
                   
                   

Friday, June 15, 2012

နေရာ


တချို့က နေစရာ 'နေရာ' ရှာနေသူတွေ အရူးအမူး ရှာနေချိန်မှာ
တချို့က နေစရာ 'နေရာ' ကို ခွဲဝေပေးဘို့ အပြင်းအထန် ငြင်းဆန်နေချိန်မှာ
ကိုယ်ကတော့ မကြာခင်မှာ လစ်ဟာတော့မယ့်'နေရာ'ကို ကြည့်ပြီး သွေးပျက်နေခဲ့..

တရွာပြောင်းလို့ သူကောင်းဖြစ်သွားသူတွေကြား မင်းပါမှ ပါပါ့မလား..
နောက်စကားပုံ တခုကိုတော့ ပြောလို့တောင် မထွက်နိုင်တော့
အားလုံးအဆင်ပြေကြပါစေပေါ့.. 
(ကိုယ်ရဲ့ လက်ကျန် နေရမယ့်အချိန်တွေဟာ အဆင်ပြေတဲ့ အထဲမှာ 
ဘယ်တော့မှ ပါမှာမဟုတ်တာ သေချာသွားပြီ..)

ကိုယ်ပိုင်မဟုတ်တဲ့ 'နေရာ'မှာ နေထိုင်သူတွေရဲ့ ဒုက္ခကို မျက်မြင်ကြုံရလည်း..
လောကမှာ ကိုယ်ပိုင်တဲ့ 'နေရာ' ရှိမှရှိရဲ့လားလို့ မသေချာပေမယ့်လည်း..
ကိုယ့်သဘောနဲ့ကိုယ် နေနိုင် သွားနိုင်တဲ့ 'နေရာ'တခုတော့ လိုကြမယ်လို့ စာနာပေမယ့်လည်း..
ဘယ်သူက ကိုယ့်'နေရာ'ကို ခွဲပေးနိုင်မှာလဲ ဆိုတာလဲ တွေးစရာတခုပါဘဲ..

အမိန့်သြဇာ မသက်ရောက်တာ ကိုယ့်'နေရာ'ကိုယ် မယူထားနိုင်လို့ပေါ့..
သာတဲ့ 'နေရာ'ကို ပြောင်းကြတာ ဓမ္မတာဆိုရင် ထားခဲ့တာက အနေမသာတဲ့ 'နေရာ'မို့ပေါ့..
ပျော်ရာ နိဗ္ဗန်ပေါ့.. နိဗ္ဗန်မသွားရရင် ငရဲမှာ နေရသလို စိတ်ဆင်းရဲနေခဲ့တာလား..
'နေရာ'အကြောင်း ပြောတဲ့ အသံကြားတိုင်း အတွေးတွေ ခရီးရှည်လို့.. 
သူ့'နေရာ'ကတွေး.. ကိုယ့်'နေရာ'ကတွေး..

'နေရာ' တိုင်းဟာ လောဘနဲ့တွေးတော့ ဗုန်းတွေလိုဘဲ.. ထိတိုင်း ကွဲနေတယ်..





Friday, June 1, 2012

ဆယ်သောသူ မုန်းမိမယ်


 ဆေးရုံဆိုတာ လူမစည်အပ်တဲ့ အရပ်လို့ဆိုရိုးစကားရှိထားလို့.. ကိုယ်တိုင်လဲ ရန်ကုန်ဆေးရုံကြီးမှာ အဖေတစ်လကျော်ကြာအောင် ဆေးရုံတက်ထားတဲ့ အတွေ့အကြုံလဲ ရှိတော့ ကျမက ဆေးရုံသွားရမယ်ဆိုရင် စိတ်က အမြဲတွန့်ဆုတ်နေမိတာ ...
                       
                     ကိုယ်တိုင်ဆေးရုံသွားစရာ ကိစ္စမရှိပေမဲ့ ယောင်္ကျားက သွေးတိုးကြောင့် ၆လ တစ်ခါ ဆေးစစ်နေရတော့ SGH ကို ခဏခဏရောက်ဖြစ်လာပါတယ်.. ရန်ကုန်ဆေးရုံကြီးနဲ့ ဘာမှမဆိုင်အောင် သန့်ပြန့်ပြီး လာဘို့ တွန့်ဆုတ်စရာမရှိအောင် စနစ်တကျလုပ်ထားပေမဲ့ ဆေးရုံဆိုတာ ဝေဒနာသည်တွေ လာဘို့နေရာမို့ အားတိုင်းလာချင်စရာတော့ မဟုတ်ပါဘူး။

                ပြီးခဲ့တဲ့ နှစ်နှစ်ကုန်ခါနီးလောက်က ကျမခင်ပွန်းရဲ့ အဒေါ် ရန်ကုန်မှာ စမ်းသပ်ကုသခံရင်း သိခဲ့ရတဲ့ ကင်ဆာရောဂါကြောင့် မြို့ထဲက ဆေးရုံတစ်ခုမှာကုဘို့ ရောက်လာခဲ့ပါတယ်..  အဒေါ်အရင်းမို့ လေဆိပ်ကို သွားကြိုပြီး ဆေးရုံကို ပို့ပေးဘို့.. လိုအပ်တဲ့ ပစ္စည်း စားစရာ တွေ ပို့ပေးဘို့.. စ,တာတွေဟာ ၀တ္တရားအရအပြင် အမေအစားပြန်ရပြီး  ပြုစုပေးရတယ်လို့ ထင်လောက်အောင်ဘဲ အဒေါ်ဟာ အသက်ကြီးလာချိန်မှာ ကွယ်လွန်သူ ကျမ ယောက္ခမနဲ့ အသံကအစ တူလာခဲ့ပါတယ်။  ကျမတို့မိသားစုဟာ တွေ့တွေ့ချင်းမှာ အံ့သြတွေဝေနေခဲ့ကြပြီး အမေနဲ့တူလာလိုက်တာဆိုတာကို ပြောမပြီးနိုင်ပါဘဲ။


       အဒေါ်နဲ့အတူ သားတယောက် သမီးတယောက် ပြုစုဘို့ ပါလာခဲ့ပြီး ကင်ဆာထုံးစံအတိုင်း ဆေးထိုး ဆေးစား စ,လုပ်တဲ့ အခါမှာတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ သမီး နှစ်ယောက် ကလဲ လုပ်ငန်းအားလုံးကို လွှဲခဲ့ပြီး လိုက်လာကြပါတယ်။
        အဲဒီဆေးရုံက ဆေးရုံသက်သက် မဟုတ်ဘဲ အောက်ထပ်မှာ hotel နဲ့တွဲထားတော့ ဆေးထိုးမယ့်ရက်မှာ အပေါ်ထပ်က ဆေးရုံမှာ တစ်ရက်တက်ပြီး ဆေးထိုးပြီးရင် အောက်ထပ်က hotel အခန်းမှာ ပြန်လာနေလို့ရတော့ ကျမတို့လဲ ညမအိပ်ရုံတမယ်ဘဲ...အဲဒီမှာ မိသားစုတွေ့ဆုံပွဲကြီးပေါ့..

          အဒေါ်က ကင်ဆာရောဂါသည်နဲ့မတူအောင်ဘဲ လန်းဆန်းနေတတ်ပြီး ကျမတို့ ရောက်သွားရင် ညက အောင့်လို့ မအိပ်နိုင်ဘူးလို့ပြောရင်လဲ ပြုံးပြုံးလေးပါဘဲ.. အဒေါ်အောင့်လို့ လှဲအိပ်နေတာ သုံးလေးခါ တွေ့ဘူးပေမယ့် သားသမီးတွေက လက်ကလေး ခြေကလေး လှုပ်ဘို့မလိုအောင်ကို ပြုစုနေကြတော့ ကျမက တခါတခါ ရုပ်ရှင်ကြည့်နေရသလိုဘဲလို့တောင် တွေးမိပါရဲ့.. တမိပေါက် တယောက်ထွန်းတဲ့  ဆန်ရေတွေ တွေ့ဘူးကြားဘူးပေမယ့် ရှိသမျှသားသမီးက ဒီအမေကို တန်ဘိုးထားပြုစုနေကြတာတွေ့ရတော့ အဒေါ်ရဲ့ရောဂါကို အံတုနိုင်တဲ့ အစွမ်းတွေဘယ်ကရလာလဲ ဆိုတာ ကျမမှန်းကြည့်နိုင်ခဲ့ပါတယ်..

             ဆေးထိုးလိုက် နားလိုက် နဲ့.. ရန်ကုန်ပြန်လိုက် ပြန်လာဆေးထိုးလိုက် လုပ်ရတာ နှစ်ပါတ် သုံးပါတ်ခြား တစ်ခါမို့ အခုဆိုရင် အဒေါ်နဲ့ သားသမီး လေးယောက် အသွားအပြန်နဲ့ဆေးကုနေတာ ငါးခါ ခြောက်ခါရှိပါပြီ..

           အခေါက်တိုင်းမှာ အမေဟိုဘက်လှည့် ဒီဘက်လှည်ဘို့.. ရေခပ်ပေး ရေနွေးမှုတ်ပေး ပြုစုဘို့.. အမေစားချင်တာကို အချိန်မရွေးပြေးဝယ်ဘို့.. အမေနေ့တိုင်းစားတဲ့ မုန့်ဟင်းခါးနေ့တိုင်းချက်ဘို့.. ဆေးတိုက်တဲ့အကြိမ်တိုင်း စာရင်းမှတ်ဘို့..  စတဲ့ အလုပ်တွေကို မငြိုမငြင်တာဝန်ခွဲလုပ်နေကြတဲ့ သားသမီးတွေကို မြင်ရတာ ဆေးရုံရောက်နေပါလားဆိုတာကို မေ့တောင်မေ့နေပါရဲ့..  ပြန်ခါနီးတိုင်း အဒေါ်က သားသမီးတွေ အလုပ်အကိုင်ပျက်နဲ့ လာရသွားရမို့ မလာချင်တော့ဘူးလို့ ပြောပေမယ့် သားသမီးအားလုံးက တညီတည်း ဒီလောက်သက်သာလာတာ ဆက်ကုပါလို့ တိုက်တွန်းပြီး နောက်တခေါက်အတွက် လေယာဉ်လက်မှတ်ပါ တခါတည်း ပြင်ဆင်သွားမြဲပါဘဲ ...

               ကျမကတော့ အကုန်အကျတွေကို စိတ်နဲ့ လိုက်ပေါင်းကြည့်ရင်း..  ငါဖြစ်ရင်တော့ မကုကြပါနဲ့လို့ မှာပေမယ့်  အနားမှာ သားသမီးတွေဝိုင်းပြီးနေတဲ့ အရသာကိုတော့ ခံချင်မိသား...                 
             
              ရုပ်ရှင်ထဲမင်းသမီးလေးပြောသလိုဘဲ ကိုယ့်ကို ဂရုစိုက်ခံရအောင် ငါ့မှာလဲ  နှလုံးရောဂါရှိချင်လိုက်တာ လို့ပြောရရင် ကောင်းမလား...
             
              ဒီလိုဘ၀မှာ နေရရင်တော့ တင်တင်မြသီချင်းလို  ဒီသံသရာဝဲထဲမှာ လည်ချင်လွန်းလို့ ဆယ်တဲ့သူကို မုန်းမိမယ်လို့ဘဲ ဟစ်ကြွေးမိမလားဘဲ...


( မိဘကို ပြုစုလုပ်ကျွေးရင်း အဖေများနေ့၊အမေများနေ့ကို နေ့တိုင်းကျင်းပနေကြသော သားသမီးများသို့..)


Wednesday, May 23, 2012

လွှတ်ချခြင်း

          ဒီအရွယ်ကြီးနဲ့တော့ အသဲမကွဲတော့ပါဘူး.. ရင်ကွဲသံ ပါ..

        ရှေ့ဆက်ဘို့ မဖြစ်တော့ရင် ဒီမှာဘဲ ရပ်ကြတာက ဒါဏ်ရာကျန်တာနည်းလိမ့်မယ်..
              လျော့ယဲလာတဲ့လက်နဲ့ ဆက်ကိုင်ထားရတာ အားမရှိတော့ ကျကွဲမယ့်အချိန်ကို စောင့်နေရသလိုဘဲ..
               ပြတ်ပြီးတဲ့ကြိုး ဆက်ရာအထုံးနဲ့ မထားနဲ့တော့..
               ငိုထားတဲ့မျက်နှာ မမြင်ရစေဘူး..
     ငါ့ဘက်က ဘာအကျိုးမှ မမျှော်ကိုးခဲ့လို့ ဘာနောင်တမှ မရဘူးဆိုတာသေချာတယ်..
                 ကျိန်စာမဆိုတာလဲ သေချာတယ်..
                        ခွင့်မလွှတ်တာလဲ သေချာတယ်..
           မင်းဘက်က နောင်တမရတာ သေချာရင် နှောင်ကြိုးအားလုံး ပြတ်သွားပြီလို့ ခံယူပြီး နောင်လာမယ့် ဘ၀သစ်အတွက် ပြင်ဆင်ပါတော့..
            မေတ္တာမှာ အသွားအပြန်ရှိပေမဲ့ နာကျည်းမှုမှာ ပြန်လမ်းမရှိဘူး..


သီချင်းမပါနိုင်ဘူး..
လေဟာနယ်ကို ကြည့်ပြီး  တိတ်ဆိတ်ခြင်းသီချင်းသံ ကိုဘဲ နားဆင်ပေးကြပါ..
ခြောက်ကပ်ကပ် အခါးရည်လေးနဲ့ပေါ့..

စိုထိုင်းဆများနေတဲ့ ဒီ Blog ခဏလောက်နားပါမယ်။ အားလုံးခြောက်သွေ့သွားရင်ပြန်တွေ့ကြတာပေါ့..

Myandroid and zaw gyi

Myandroid soft keyboard သုံးလို့.ရပြီ။ ဟူးရေး....

Friday, May 18, 2012

ကိုယ့်ကိုယ်ကို အားပေးခြင်း




ကမ်းပါးစွန်းပေါ်တက်ပြီး ရပ်နေတဲ့ပုံ..
မီးခိုးနံ့ကြောင့် အသက်မရှူနိုင်တော့ဘူးလို့ ရေးတဲ့စာ..
ငါမရှိရင် ငါ့ချစ်သူကို စောင့်ရှောက်ပါလို့ရေးတဲ့ သေတမ်းပို့စ်.. တွေကို like လုပ်ပြီး အားပေးနေကြတဲ့ face book ခေတ်ထဲမှာ..

တော်သေးတာပေါ့..
L ဖြူ နဲ့ထူးအိမ်သင်က
နေ၀င်တာ နောက်ထပ်ကြုံအုံးမယ်.. တဲ့
အချိန်တန်ရင် နှုတ်ဆက်ရမယ်.. တဲ့
ကြုံတာကို ဆုံလိုက်ဘို့ အသင့်ပြင်.. တဲ့..

နှုတ်ဆက်ဘို့ အဆင်သင့်ပြင်ထားတဲ့ နေ၀င်ချိန်ရောက်ရင်လဲ.. လနဲ့ကြယ်တွေ မြင်ရဘို့အတွက် အသက်ဆက်ရှင်နေရမယ်..
(Self suggestion)

 သီချင်းကို http://www.youtube.com/watch?v=8Q3TxdG6d00&feature=related မှ download ယူပါသည်။

Tuesday, May 15, 2012

မိုးနတ်မင်းသို့..


နောက်ထပ်ပုံပြင် မဟုတ်ပါဘူး..

         လူ့လောကထဲက ရယ်စရာ မောစရာ တခုပါ.. ရယ်စရာရယ် မောစရာရယ် တွဲလာတတ်တယ်လေ..

         ကျမသူငယ်ချင်းက  နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ရှာဖွေလာတဲ့ ငွေနဲ့ ပြန်လာပြီး လုပ်ငန်းတခုလုပ်ပါတယ်.. အင်ဂျင်နီယာတွေရဲ့ ထုံးစံအတိုင်း Construction ပေါ့..
          ပန်းရံတောင် တိုက်ဆောက်နိုင်တဲ့ နေရာမှာ သူက Civil မဟုတ်ပေမဲ့ အင်ဂျင်နီယာတော့ အင်ဂျင်နီယာဘဲလေ.. သူ့ အတွေ့အကြုံတွေနဲ့ လေ့လာမှုတွေနဲ့ ဖြစ်အောင်လုပ်နိုင်ပါတယ်..
       
          ဒါပေမဲ့ခက်တာက အင်ဂျင်နီယာအသိအမြင်နဲ့ ဘာမှမဆိုင်တဲ့ အခက်အခဲတွေကျတော့ သူပင်ပင်ပန်းပန်း ရင်ဆိုင်ရပါတယ်...  လေ့လာရုံနဲ့ မသိတဲ့ အရာတွေအပေါ်မှာ သူ့ကိုယ်သူ ဘယ်လို ခံယူလုပ်ကိုင်ရမှန်းမသိ ဖြစ်လာတဲ့ အချိန်မှာ ကျမကို မေးပါတယ်..
          ပေါင်ချိန်ဇာတ်လမ်းကြည့်လားတဲ့.. ကြည့်တာပေါ့လို့ ပြောတော့ ပေါင်ချိန်တောင် မဖြေရှင်းနိုင်တဲ့ အမှုတွေဆိုရင်.. ဆိုလိုတာက တရားမျှတဘို့ကို သိရက်နဲ့ ရှေ့ဆက်မတိုးနိုင်ရင် ပေါင်ချိန်ဘာလုပ်လဲ တွေ့တယ်မလားတဲ့..
          ကျမတော့ သူလမ်းမပေါ်မှာ လက်နှစ်ဘက် ခြေနှစ်ဘက်ကားပြီး မိုးပေါ်မော့နေတဲ့ပုံကို မျက်စေ့ထဲ ကွင်းကနဲ မြင်ယောင်လိုက်ပါတယ်..
       
           ကျမက .. သူ့ကို နင်လမ်းပေါ်တက်ပြီး  " မိုးနတ်မင်း  ကြည့်မနေပါနဲ့ " လို့ ခဏခဏထွက်မအော်နဲ့လို့.. မိုးနတ်မင်းက ပစ်စရာများပြီး  ၀ရဇိန်ရှားပါးရင် နားပူနားဆာလုပ်တဲ့ နင့်ကိုဘဲ ပစ်လိုက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်..ဟိ ဟိ.. ကျမ ပညာပေးကောင်းလို့ နောက်ထပ်ဘာမှမကြားရဘဲ နားအေးသွားပါတော့တယ်.. ( အဲဒီတုန်းက  ခွေးအိုကြီးပုံပြင်တောင် မပြောလိုက်ရဘူး.. အခုရှာဖတ်ကြည့်လိုက်နော်..)
         
            လေ့လာရုံနဲ့ မသိတဲ့ အရာတွေဟာလဲ ကြာလာတော့ အတွေ့အကြုံတွေဖြစ်လာပြီး ကျော်လွှားနိုင်ခဲ့လား.. လက်လွှတ်လိုက်သလား မသိပါဘူး.. ကျမအမေ ကင်ဆာရောဂါဖြစ်လို့ သူငယ်ချင်းများအပေါ် အာရုံမစိုက်မိဘဲ အမေ ဆုံးပါးချိန်မှာဘဲ သူလဲ သူ့ရဲ့ လက်စွမ်းပြ ပရောဂျက်အပြီးမှာ သူ့လုပ်ငန်းကိုရပ်လိုက်ပါတယ်..

              အခု သူ တနေရာမှာ သားနဲ့ မယားနဲ့ ကြီးပွားနေပါပြီ.. သူက အတွေ့အကြုံ ပိုများသွားလို့လားမသိဘူး.. Gmail status မှာ တရားစာလေးနဲ့.. သဘောကတော့ လမ်းပေါ်မှာ မိုးနတ်မင်းကို တိုင်တည်စရာမလိုတော့ဘဲ  မိမိကိုယ်ကို ကောင်းစွာဆောက်တည်နိုင်ပြီပေါ့..

             ကျမကတော့ အခုမှ ဒုက္ခကို အလုံးအထည်နဲ့ မြင်ဘူးတာလားလို့တောင် ထင်မိတယ်.. အရင်ကကြုံဘူးတာတွေက အခုဒုက္ခလောက် မဆိုးဘူးလားဘဲ ( တွေးနေကျ အတွေးပါ ).. ကျမက အော်ပြီးမတိုင်တည်တတ်ဘဲ ဘုတ်အုပ်ထဲမှာဘဲ ရေးပြီးမှတ်ထားတတ်တယ်.. အဲဒီတော့ မိုးနတ်မင်းက ကျမကို ဘယ်သိမှာလဲ..
       
            မိုးနတ်မင်းရဲ့ email address လေးများရှိရင် ပေးကြပါ.. ကိုယ့်စကားနဲ့ကိုယ် ထွက်မအော်ရဲလို့ တိုင်တည်ချင်တာရှိရင် email နဲ့ တိုင်တည်ရအောင်လို့..
 (စိတ်ကို ကောင်းစွာဆောက်တည်နိုင်အောင်လို့လဲ ကြိုးစားနေပါတယ်.. :p)