Thursday, May 3, 2012

မွေးနေ့မှာ ကြယ်တွေစုံခဲ့တယ်




မရေရာတာတွေ များခဲ့ပေမယ့်
မရေရာတာနဲ့ ခြေလှမ်းဆက်ပေမယ့်
မွေးနေ့မှာတော့ ကြယ်တွေစုံခဲ့တယ်..

လိုချင်တာရော မလိုချင်တာရော ရခဲ့တဲ့ ဘ၀ရဲ့လက်ဆောင်
ရင်မကွဲခင် အချိန်မှီမသိခဲ့ရတဲ့ အမှန်တရားများနဲ့..
ဆူးနဲ့အဆိပ်ရောထားတဲ့ ပျားရည်ခွက် ကိုကိုင်ရင်း
မွေးနေ့မှာ ကြယ်တွေစုံခဲ့တယ်...

အဖြူရောင်ချည်းဘဲ ဆွဲခဲ့တဲ့ ပန်းချီကားမို့
ဘယ်သူမှ မမြင်နိုင်ခဲ့လေသလား..
မျက်နှာသေတာက အကျင့်ဖြစ်ခဲ့ပြီလား..
ဝမ်းသာလား ၀မ်းနည်းလား မသိနိုင်အောင် ခံစားချက်တို့ ထုံပေခဲ့ပြီလား...
တစ်ခါရယ်မောဘို့ ဒီလောက်တောင် တန်ဘိုးကြီးနေလား.. အတွေးတွေနဲ့
မွေးနေ့မှာတော့ ကြယ်တွေစုံခဲ့တယ်..

ပေါင်းမိုးလေးနဲ့ လှေမှာ ရွက်လွှင့်ဘို့ စိတ်ကူး...
သာသာလေးရွေ့ဘို့ ရွက်တိုင်ကို ကြိုးစားထောင်ခဲ့တဲ့ကာလတွေ လွမ်းပါဘိတော့..
လေမုန်တိုင်းတွေ့ရင် ရုန်းထွက်ဘို့ အားမွေးထားကြလို့လှည့်ပြောလိုက်တော့မှ
နောက်မှာ ဘယ်သူမှမရှိတာတွေ့တဲ့ လှေသမား..
ငါနဲ့များတူလေသလား တွေးလို့ ..
တက်ကိုင်ရမလို ချရမလို ဇဝေဇ၀ါ ဖြစ်ပေမဲ့
အင်း... မွေးနေ့မှာတော့ ကြယ်တွေစုံခဲ့ပါတယ်...

1 comment:

  1. "လိုချင်တာရော မလိုချင်တာရော ရခဲ့တဲ့ ဘ၀ရဲ့လက်ဆောင်
    ရင်မကွဲခင် အချိန်မှီမသိခဲ့ရတဲ့ အမှန်တရားများနဲ့..
    ဆူးနဲ့အဆိပ်ရောထားတဲ့ ပျားရည်ခွက် ကိုကိုင်ရင်း
    မွေးနေ့မှာ ကြယ်တွေစုံခဲ့တယ်..."
    ဒီအပိုဒ်လေးသဘောကျမိတယ်။
    ကာရံမဲ့ကဗျာလေးကို ကျစ်လစ်တဲ့စကားလုံးလေးတွေနဲ့ မျက်လုံးထဲစိတ်ထဲပေါ်အောင်ရေးထားလို့ နှစ်သက်မိပါတယ်။ စကားလုံးမဖေါင်းပွပဲအဓိပ္ဗါယ်ရှိစွာရေးထားတာကျေနပ်သဘောကျမိပါတယ်။
    အိုင်အိုရာ

    ReplyDelete