Wednesday, May 23, 2012

လွှတ်ချခြင်း

          ဒီအရွယ်ကြီးနဲ့တော့ အသဲမကွဲတော့ပါဘူး.. ရင်ကွဲသံ ပါ..

        ရှေ့ဆက်ဘို့ မဖြစ်တော့ရင် ဒီမှာဘဲ ရပ်ကြတာက ဒါဏ်ရာကျန်တာနည်းလိမ့်မယ်..
              လျော့ယဲလာတဲ့လက်နဲ့ ဆက်ကိုင်ထားရတာ အားမရှိတော့ ကျကွဲမယ့်အချိန်ကို စောင့်နေရသလိုဘဲ..
               ပြတ်ပြီးတဲ့ကြိုး ဆက်ရာအထုံးနဲ့ မထားနဲ့တော့..
               ငိုထားတဲ့မျက်နှာ မမြင်ရစေဘူး..
     ငါ့ဘက်က ဘာအကျိုးမှ မမျှော်ကိုးခဲ့လို့ ဘာနောင်တမှ မရဘူးဆိုတာသေချာတယ်..
                 ကျိန်စာမဆိုတာလဲ သေချာတယ်..
                        ခွင့်မလွှတ်တာလဲ သေချာတယ်..
           မင်းဘက်က နောင်တမရတာ သေချာရင် နှောင်ကြိုးအားလုံး ပြတ်သွားပြီလို့ ခံယူပြီး နောင်လာမယ့် ဘ၀သစ်အတွက် ပြင်ဆင်ပါတော့..
            မေတ္တာမှာ အသွားအပြန်ရှိပေမဲ့ နာကျည်းမှုမှာ ပြန်လမ်းမရှိဘူး..


သီချင်းမပါနိုင်ဘူး..
လေဟာနယ်ကို ကြည့်ပြီး  တိတ်ဆိတ်ခြင်းသီချင်းသံ ကိုဘဲ နားဆင်ပေးကြပါ..
ခြောက်ကပ်ကပ် အခါးရည်လေးနဲ့ပေါ့..

စိုထိုင်းဆများနေတဲ့ ဒီ Blog ခဏလောက်နားပါမယ်။ အားလုံးခြောက်သွေ့သွားရင်ပြန်တွေ့ကြတာပေါ့..

Myandroid and zaw gyi

Myandroid soft keyboard သုံးလို့.ရပြီ။ ဟူးရေး....

Friday, May 18, 2012

ကိုယ့်ကိုယ်ကို အားပေးခြင်း




ကမ်းပါးစွန်းပေါ်တက်ပြီး ရပ်နေတဲ့ပုံ..
မီးခိုးနံ့ကြောင့် အသက်မရှူနိုင်တော့ဘူးလို့ ရေးတဲ့စာ..
ငါမရှိရင် ငါ့ချစ်သူကို စောင့်ရှောက်ပါလို့ရေးတဲ့ သေတမ်းပို့စ်.. တွေကို like လုပ်ပြီး အားပေးနေကြတဲ့ face book ခေတ်ထဲမှာ..

တော်သေးတာပေါ့..
L ဖြူ နဲ့ထူးအိမ်သင်က
နေ၀င်တာ နောက်ထပ်ကြုံအုံးမယ်.. တဲ့
အချိန်တန်ရင် နှုတ်ဆက်ရမယ်.. တဲ့
ကြုံတာကို ဆုံလိုက်ဘို့ အသင့်ပြင်.. တဲ့..

နှုတ်ဆက်ဘို့ အဆင်သင့်ပြင်ထားတဲ့ နေ၀င်ချိန်ရောက်ရင်လဲ.. လနဲ့ကြယ်တွေ မြင်ရဘို့အတွက် အသက်ဆက်ရှင်နေရမယ်..
(Self suggestion)

 သီချင်းကို http://www.youtube.com/watch?v=8Q3TxdG6d00&feature=related မှ download ယူပါသည်။

Tuesday, May 15, 2012

မိုးနတ်မင်းသို့..


နောက်ထပ်ပုံပြင် မဟုတ်ပါဘူး..

         လူ့လောကထဲက ရယ်စရာ မောစရာ တခုပါ.. ရယ်စရာရယ် မောစရာရယ် တွဲလာတတ်တယ်လေ..

         ကျမသူငယ်ချင်းက  နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ရှာဖွေလာတဲ့ ငွေနဲ့ ပြန်လာပြီး လုပ်ငန်းတခုလုပ်ပါတယ်.. အင်ဂျင်နီယာတွေရဲ့ ထုံးစံအတိုင်း Construction ပေါ့..
          ပန်းရံတောင် တိုက်ဆောက်နိုင်တဲ့ နေရာမှာ သူက Civil မဟုတ်ပေမဲ့ အင်ဂျင်နီယာတော့ အင်ဂျင်နီယာဘဲလေ.. သူ့ အတွေ့အကြုံတွေနဲ့ လေ့လာမှုတွေနဲ့ ဖြစ်အောင်လုပ်နိုင်ပါတယ်..
       
          ဒါပေမဲ့ခက်တာက အင်ဂျင်နီယာအသိအမြင်နဲ့ ဘာမှမဆိုင်တဲ့ အခက်အခဲတွေကျတော့ သူပင်ပင်ပန်းပန်း ရင်ဆိုင်ရပါတယ်...  လေ့လာရုံနဲ့ မသိတဲ့ အရာတွေအပေါ်မှာ သူ့ကိုယ်သူ ဘယ်လို ခံယူလုပ်ကိုင်ရမှန်းမသိ ဖြစ်လာတဲ့ အချိန်မှာ ကျမကို မေးပါတယ်..
          ပေါင်ချိန်ဇာတ်လမ်းကြည့်လားတဲ့.. ကြည့်တာပေါ့လို့ ပြောတော့ ပေါင်ချိန်တောင် မဖြေရှင်းနိုင်တဲ့ အမှုတွေဆိုရင်.. ဆိုလိုတာက တရားမျှတဘို့ကို သိရက်နဲ့ ရှေ့ဆက်မတိုးနိုင်ရင် ပေါင်ချိန်ဘာလုပ်လဲ တွေ့တယ်မလားတဲ့..
          ကျမတော့ သူလမ်းမပေါ်မှာ လက်နှစ်ဘက် ခြေနှစ်ဘက်ကားပြီး မိုးပေါ်မော့နေတဲ့ပုံကို မျက်စေ့ထဲ ကွင်းကနဲ မြင်ယောင်လိုက်ပါတယ်..
       
           ကျမက .. သူ့ကို နင်လမ်းပေါ်တက်ပြီး  " မိုးနတ်မင်း  ကြည့်မနေပါနဲ့ " လို့ ခဏခဏထွက်မအော်နဲ့လို့.. မိုးနတ်မင်းက ပစ်စရာများပြီး  ၀ရဇိန်ရှားပါးရင် နားပူနားဆာလုပ်တဲ့ နင့်ကိုဘဲ ပစ်လိုက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်..ဟိ ဟိ.. ကျမ ပညာပေးကောင်းလို့ နောက်ထပ်ဘာမှမကြားရဘဲ နားအေးသွားပါတော့တယ်.. ( အဲဒီတုန်းက  ခွေးအိုကြီးပုံပြင်တောင် မပြောလိုက်ရဘူး.. အခုရှာဖတ်ကြည့်လိုက်နော်..)
         
            လေ့လာရုံနဲ့ မသိတဲ့ အရာတွေဟာလဲ ကြာလာတော့ အတွေ့အကြုံတွေဖြစ်လာပြီး ကျော်လွှားနိုင်ခဲ့လား.. လက်လွှတ်လိုက်သလား မသိပါဘူး.. ကျမအမေ ကင်ဆာရောဂါဖြစ်လို့ သူငယ်ချင်းများအပေါ် အာရုံမစိုက်မိဘဲ အမေ ဆုံးပါးချိန်မှာဘဲ သူလဲ သူ့ရဲ့ လက်စွမ်းပြ ပရောဂျက်အပြီးမှာ သူ့လုပ်ငန်းကိုရပ်လိုက်ပါတယ်..

              အခု သူ တနေရာမှာ သားနဲ့ မယားနဲ့ ကြီးပွားနေပါပြီ.. သူက အတွေ့အကြုံ ပိုများသွားလို့လားမသိဘူး.. Gmail status မှာ တရားစာလေးနဲ့.. သဘောကတော့ လမ်းပေါ်မှာ မိုးနတ်မင်းကို တိုင်တည်စရာမလိုတော့ဘဲ  မိမိကိုယ်ကို ကောင်းစွာဆောက်တည်နိုင်ပြီပေါ့..

             ကျမကတော့ အခုမှ ဒုက္ခကို အလုံးအထည်နဲ့ မြင်ဘူးတာလားလို့တောင် ထင်မိတယ်.. အရင်ကကြုံဘူးတာတွေက အခုဒုက္ခလောက် မဆိုးဘူးလားဘဲ ( တွေးနေကျ အတွေးပါ ).. ကျမက အော်ပြီးမတိုင်တည်တတ်ဘဲ ဘုတ်အုပ်ထဲမှာဘဲ ရေးပြီးမှတ်ထားတတ်တယ်.. အဲဒီတော့ မိုးနတ်မင်းက ကျမကို ဘယ်သိမှာလဲ..
       
            မိုးနတ်မင်းရဲ့ email address လေးများရှိရင် ပေးကြပါ.. ကိုယ့်စကားနဲ့ကိုယ် ထွက်မအော်ရဲလို့ တိုင်တည်ချင်တာရှိရင် email နဲ့ တိုင်တည်ရအောင်လို့..
 (စိတ်ကို ကောင်းစွာဆောက်တည်နိုင်အောင်လို့လဲ ကြိုးစားနေပါတယ်.. :p)



Thursday, May 10, 2012

အတွေးပုံပြင်(၁)


          ပုံပြောပြချင်ပါတယ်... ပြောပြချင်လွန်းလို့ အူထဲအသဲထဲက ကလိကလိဖြစ်အောင် ပြောချင်လွန်းလို့ နားဆင်ပေးကြပါ.. အဲလေ.. သည်းခံဖတ်ပေးကြပါနော...

           တခါတုန်းက ရွာနီးချုပ်စပ်တနေရာမှာ ရွာထဲက ခွေးအိုကြီးတကောင်နဲ့ တောထဲက ကျားအိုကြီးတကောင် ဆုံမိကြသတဲ့...

           ဟယ်လို.. ဟိုင်းဟိုင်း တွေနဲ့ နှုတ်ဆက်ကြသေးလားတော့ မသိပါဘူး.. နောက်ပိုင်းမှာတော့ လူအိုတွေရဲ့ ထုံးစံအတိုင်း.. မှားပြန်ပြီ.. အကောင်အိုတွေရဲ့ထုံးစံအတိုင်း ငြီးငြူပြကြတာပေါ့...
          ဒါပေမဲ့ ခွေးအိုကြီးက ခွေးလိုငြီး ကျားအိုကြီးက ကျားလိုငြီ်းတော့ ဘာသာစကားကတော့ မတူဘူးလေ.. ခွေးအိုကြီးအသံက တအီအီနဲ့ ခွေးငြီးသံ ထွက်ပြီး ကျားအိုကြီးငြီ်းသံကတော့ ကြိတ်ပြီးမာန်ဖီသံထွက်တာပေါ့..

          ခွေးအိုကြီး ငြီ်းတာက ဒီလိုပါ..
         "ငါ့ကိုမစားပါနဲ့ကွာ.. အရိုးပြိုင်းပြိုင်းနဲ့မို့ မင်းအတွက် အရိုးစူးရုံဘဲရှိပေမဲ့ ငါ့သခင်အတွက်တော့ ငါက ဟောင်သံပေးပြီး သူခိုးရန်က ကာကွယ်ပေးနိုင်ပါသေးတယ်...  ငါ့ကို မသနားတောင် ငါ့သခင်ကို သနားပါ.. ရှာထားသမျှ သူခိုးစားသွားရင် ငါ့သခင် ရူးရပါလိမ့်မယ်.." စသည်ဖြင့် သနားစရာကောင်းအောင်၊ သူတာဝန်ကျေတာအသိအမှတ်ပြု ပြီး အသက်ချမ်းသာပေးအောင်...  ပြောရှာတာပေါ့..

           ကျားအိုကြီး ငြီ်းတာက ဒီလိုပါ..
          "မင်းကသာ ကြောက်တဲ့ပုံပြနေတာ.. ငါက လှုပ်နိုင်တဲ့ပုံ ပေါ်လို့လား.. ငါက အစာ စားရ မစားရ အိုမင်းလွန်းလို့ သေတော့မှာကို.. မင်းပါးစပ်နားလာတာတောင် သွားတွေမစုံလို့ သွားဖုံးအနာခံပြီး ၀ါးချင်စိတ်မရှိဘူး.." စသည်ဖြင့် သူစီးပွားပျက်ပုံ.. အဲလေ.. သူဇရာထောင်းပုံကို ငြီးငြူပြောတော့တာပေါ့...

            ဒီနှစ်ကောင်က ငြီးသာငြီးငြူနေကြတာ.. တကောင်စကား တကောင်နားမလည်ကြပါဘူး.. ထင်တာဘဲလေ..

           ဒါပေမဲ့ သေချာတာကတော့  ရွာသားတွေက သူတို့စကားနားမလည်တာဘဲ..   ရွာထဲကနေ ခွေးအီသံနဲ့ ကျားမာန်ဖီသံကြားကြတော့ ဒုတ်ဆွဲ ဒါးဆွဲ ထွက်လာကြတာပေါ့.. ခွေးအိုကြီးရဲ့ သခင်အိုကြီးဟာလဲ (ဇာတ်နာအောင် ပြောတာပါ.. တကယ် အိုလားမအိုလား ပုံပြောသူ သေချာမသိပါ) သူ့ခွေးကို စိတ်ပူရှာလို့ အပြေးလိုက်လာခဲ့တယ်...

             ဇာတ်သိမ်းခန်းက ဒီလိုပါ..
         ရွာသားတွေက ကျားအိုကြီး အနားကို မကပ်ရဲကြတော့ ဝေးဝေးက လှမ်းမောင်းထုတ်ကြတယ်.. ကျားအိုကြီးလဲ လာမယ့်ဘေးက  သေဘို့ပိုနီးတော့ တလှုပ်လှုပ်နဲ့ တောထဲ ပြန်ဝင်သွားတယ်..

          ခွေးအိုကြီးကိုတော့ ဒင်းအူလို့ သူတို့ရွာနား ကျားလာရပါတယ်ဆိုပြီး စိတ်ဆိုးပြီး ၀ိုင်းရိုက်ကြတာ သူ့ခမျာ အားကိုးရမလား မျှော်မိပါတယ်.. သေမင်းနဲ့တွေ့သွားပါတော့တယ်..

            တကယ့် ဇာတ်သိမ်းခန်းကတော့ ခွေးပိုင်ရှင်ဘဲ မျက်ရည်စက်လက် ကျန်ခဲ့တာပေါ့..
         
           ဒါပေမဲ့ သူလဲ တခြားခွေး တကောင် ပြန်မွေးပြီး အရင်ခွေးအိုကို မေ့သွားမှာပါ.. (ပုံပြောသူ၏ မှတ်ချက်)




(ပုံထဲက  ကျားတွေနဲ့မဆိုင်လို့ ဒီကျားမျိုးဆိုရင် မောင်းမထုတ်ဘဲ ရအောင်ဖမ်းပြီး ရောင်းစားလိုက်ရင် ခွေးပိုင်ရှင် သဌေးဖြစ်မှာ သေချာတယ်.. သူခိုးစောင့်ဘို့ ခွေးလဲ မျိုးကောင်းဝယ်နိုင်သွားမှာ.. နောက်တခါမှ ဒီဇာတ်လမ်းကို ပြောင်းရေးဦးမယ်..)

Thursday, May 3, 2012

မွေးနေ့မှာ ကြယ်တွေစုံခဲ့တယ်




မရေရာတာတွေ များခဲ့ပေမယ့်
မရေရာတာနဲ့ ခြေလှမ်းဆက်ပေမယ့်
မွေးနေ့မှာတော့ ကြယ်တွေစုံခဲ့တယ်..

လိုချင်တာရော မလိုချင်တာရော ရခဲ့တဲ့ ဘ၀ရဲ့လက်ဆောင်
ရင်မကွဲခင် အချိန်မှီမသိခဲ့ရတဲ့ အမှန်တရားများနဲ့..
ဆူးနဲ့အဆိပ်ရောထားတဲ့ ပျားရည်ခွက် ကိုကိုင်ရင်း
မွေးနေ့မှာ ကြယ်တွေစုံခဲ့တယ်...

အဖြူရောင်ချည်းဘဲ ဆွဲခဲ့တဲ့ ပန်းချီကားမို့
ဘယ်သူမှ မမြင်နိုင်ခဲ့လေသလား..
မျက်နှာသေတာက အကျင့်ဖြစ်ခဲ့ပြီလား..
ဝမ်းသာလား ၀မ်းနည်းလား မသိနိုင်အောင် ခံစားချက်တို့ ထုံပေခဲ့ပြီလား...
တစ်ခါရယ်မောဘို့ ဒီလောက်တောင် တန်ဘိုးကြီးနေလား.. အတွေးတွေနဲ့
မွေးနေ့မှာတော့ ကြယ်တွေစုံခဲ့တယ်..

ပေါင်းမိုးလေးနဲ့ လှေမှာ ရွက်လွှင့်ဘို့ စိတ်ကူး...
သာသာလေးရွေ့ဘို့ ရွက်တိုင်ကို ကြိုးစားထောင်ခဲ့တဲ့ကာလတွေ လွမ်းပါဘိတော့..
လေမုန်တိုင်းတွေ့ရင် ရုန်းထွက်ဘို့ အားမွေးထားကြလို့လှည့်ပြောလိုက်တော့မှ
နောက်မှာ ဘယ်သူမှမရှိတာတွေ့တဲ့ လှေသမား..
ငါနဲ့များတူလေသလား တွေးလို့ ..
တက်ကိုင်ရမလို ချရမလို ဇဝေဇ၀ါ ဖြစ်ပေမဲ့
အင်း... မွေးနေ့မှာတော့ ကြယ်တွေစုံခဲ့ပါတယ်...

Tuesday, April 24, 2012

အနိုင် အရှုံး


သူ့စကားမှာ ဒါးသွားတွေပါတယ်..
ကြားရရုံနဲ့ သွေးစက်စက်ထွက်နိုင်တယ်..
သူ့အကြည့်မှာ လှံသွားတွေ တပ်ထားတယ်..
လှံဖျားနဲ့ထိမိခိုက် အသက်ပါသွားနိုင်တယ်..
သူ့အတွေးထဲမှာ ကြိုးကွင်းတွေရှိတယ်..
ခြေလှမ်းမှားတာနဲ့ လည်ပင်းကိုရစ်ပတ်တော့မယ်..




ကိုယ်နားထဲမှာ ခြောက်ခုမြောက်အာရုံရတယ်..
သူ့ရဲ့ အပြင်ကိုထွက်မလာတဲ့ အသံတွေ ကြားနေရတယ်..
ကိုယ့်နှလုံးသား ကလုံးတစ်ခုပွားထားတယ်..
သူများမသိတဲ့ အကြောင်းတွေနဲ့ သေဆုံးသွားရင် .. 
မသေချင်ယောင်ဆောင်ထားနိုင်မယ်..


အနိုင်မလိုချင်လို့ တိုက်စစ်မဆင်တဲ့ပွဲ..
ခံစစ်မှာ မသေတဲ့သူ နိုင်တယ်..

Thursday, April 12, 2012

နှစ်သစ်ဆုတောင်း

အေးဆေးပြီး ကိုယ်ကစကားမပြောရဘဲ သူများပြောတာနားထောင်ရင်း..
ကိုယ့်ဇာတ်လမ်းမှာ မျက်ရည်ကျမနေဘဲ သူများဇာတ်လမ်းမှာ ရယ်မောရင်း..
ကိုရီးယားဇာတ်လမ်းများနဲ့  တပါတ်အချိန်ကုန်သွားပါတယ်...


မြန်မာနှစ်သစ်ကူးမှာ အေးချမ်းတဲ့ နှစ်သစ် ပျော်ရွှင်တဲ့ နှစ်သစ် ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုချင်လို့ တခေါက်ပြန်လှည့်လာပါတယ်..
(ကိုရီးယားကား ခဏရပ်ပြီး...)

ပြန်ပျောက်သွားရင်လဲ.. ဘ၀ကို ခဏမေ့နိုင်တဲ့ နေရာကို သွားနေတယ်လို့ နားလည်ပေးပြီး ခဏမေ့ထားပေးကြပါလို့...

(မွေးနေ့ရောက်ရင် ငိုရလွန်းလို့ ဒီလမှာတော့ အားလုံးနဲ့ဝေးရာ ရှောင်နေလိုက်ဦးမယ်.. ဒါမှ သူတို့ ငါ့ကိုမတွေ့လို့ မေ့နေကြတာပါလေလို့ စိတ်ဖြေနိုင်မယ်မဟုတ်လား..)






အိမ်မက်စေတမန်သီချင်း တင်ချင်ပေမဲ့ အဲဒီသီချင်းဆိုရင် သိန်းဇော်အသံနဲ့မှလိုက်တယ်လို့ စိတ်မှာစွဲနေပြီး ရှာလို့မတွေ့လို့.. : )

Wednesday, April 4, 2012

လမ်းလျှောက်သူ

           လမ်းတွေ့ရင် လျှောက်ရရင်ပြီးရောလျှောက်နေသူများ ဒီကမ္ဘာမှာ  ဘယ်လောက်များများရှိနေပါလိမ့်...
            ဒီလမ်းကိုလျှောက်ခဲ့ဘူးတော့ ရှေ့မှာ အကွေ့တွေ့ရင် ဘယ်လိုလျှောက် အကောက်တွေ့ရင် ဘယ်လိုသွားနဲ့ လမ်းညွှန်သူတွေရော
ဘယ်လိုစိတ်နဲ့ ဆက်ပြောပြနေကြပါလိမ့်..

           ကိုယ်မသိတဲ့လမ်းကို စလျှောက်ခါစက လမ်းညွှန်ပေးသူရှိရင် ၀မ်းသာအားရလက်ခံနားထောင်တတ်တာ ကိုယ်က အကောင်းမြင်တတ်သူမို့ဘဲလား...
           ကိုယ်လမ်းညွှန်ပြလိုက်လို့ မျက်နှာမဲ့သွားတာကိုမြင်လိုက်ရင် ဆက်မပြောဖြစ်တော့တာ ကကော ကိုယ်အဆိုးမြင်သမားဖြစ်သွားလို့လား...

          စိတ်ကုန်လွန်းလို့ အကွေ့တွေ့တွေ့ အကောက်တွေ့တွေ့ တွေ့ချင်ရာတွေ့ လုပ်ချင်တာလုပ် ပစ်ထားလိုက်မိတာက ကိုယ့်အဆိုးလား...
          ပြောလိုက်ရင် ပြောင်းပြန် တမင်တကာလုပ်တာကို မြင်ရဖန်များတော့ မပြောဘဲထားတာက သူ့လမ်းဖြောင့်ပေါ်ရောက်နိုင်တယ်လို့ တွေးပြီး နှုတ်ဆိတ်နေလိုက်တာ ကိုယ့်စေတနာလား...

   


     နောက်က ခြေရာကြည့်လိုက်ချင်သူတွေလိုက်ခဲ့လို့ရအောင်.. မလိုက်ချင်သူတွေ သွေဖည်လျှောက်သွားတာ စိတ်အနှောက်အယှက် တစက်ကလေးမှ မဖြစ်ရအောင်...
      လမ်းပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေးဆေး နောက်လှည့်မကြည့်ဘဲ ရှေ့ကိုသာအာရုံပြု လျှောက်နိုင်သူ ဖြစ်ရပါစေသား...














Monday, March 26, 2012

နှုတ်ပိတ်ခြင်း

                စင်္ကာပူ လူအိုရုံတခုမှာ သူနာပြုက ဆောင့်ကြီးအောင့်ကြီး လုပ်ကိုင်ပေးနေရာကနေ စကားပြောနေတဲ့ ( complaint လုပ်နေတာလဲ ဖြစ်ချင်ဖြစ်မှာပါ ) အဖိုးကြီး ဒါမှမဟုတ် အဖွားကြီးရဲ့ ပါးစပ်ကို ဖြတ်ကနဲ ရိုက်လိုက်တဲ့ မြင်ကွင်းကို မြင်လိုက်တိုင်း ရင်ထဲမှာ တင်းကနဲ ဖြစ်သွားတာဟာ အသားကို မကျနိုင်တဲ့ ခံစားမှုပါဘဲ။
            ရင်ထဲမှာ ခံစားရတာကို ပြောဘို့ ကြိုးစားရင်း အမှတ်မထင် ဖြတ်ရိုက်ခံလိုက်ရတဲ့ ခံစားမှုကို  ကောင်းကောင်း နားလည်ပါတယ်။ လက်နဲ့ဖြတ်ရိုက်စရာ မလိုဘဲနဲ့တောင် ရူးနေလားလို့ သဘောရတဲ့၊ ဘာတွေပြောနေတာလဲလို့ သဘောရတဲ့၊  လူရာမ၀င်ဘဲ လာမရှုပ်နဲ့လို့ သဘောရတဲ့၊  အဘိုးမတန်တဲ့ စကားတွေလာမပြောနဲ့လို့ သဘောရတဲ့၊........  အကြည့်တချက် ခေါင်းတချက် အငဲ့အတွက်တောင် ခံစားရသေးတာ။
         အဲဒီ အကြည့်မှာ  စတုပစ် ရှစ် စတဲ့ စော်ကားမော်ကား စကားလုံးတွေတောင်ပါလို့ နားစည်ထဲမှာ ထိန်းကနဲ မြည်အောင် သွေးလဲတိုးလာစေပါတယ်။

             ဒါပေမဲ့ ဘ၀နေ၀င်ချိန်ရောက်လို့ စကားပြောတာကလွဲလို့ ဘာမှ မလုပ်နိုင်တော့တဲ့ အရွယ်ရောက်ရင်၊ စကားပြောတာကိုလဲ သည်းခံနားထောင်ပေးမယ့်သူမရှိတော့တဲ့ အချိန်ရောက်ရင်၊ ၀န်ထုပ်ဝန်ပိုးဘဲ ဖြစ်နေစေပြီး အကြံဥာဏ်လေးတောင် ပေးဘို့ နည်းနည်းမှ အသုံးမ၀င်တော့တဲ့ အချိန်ကိုရောက်ရင်...
                        
 ကြိုတင်အားထုတ်နိုင်ရန် နည်းကောင်းလေး ပေးပါရစေ....  

                 စပါးနှံ အဆံပြည့်၍ငုံ့၊ လူကုံတန် စိတ်မာန်လျှော့၍ကြုံ့ ဆိုစကားအရ စိတ်မာန်လျှော့ထားနိုင်ရင် လူကုံတန် ဖြစ်ပါလိမ့်မယ်။ ကိုယ်က အရာမ၀င်လို့ ပါးစပ်ပိတ်ခံရတဲ့ အခါတိုင်း ကိုယ့်ကိုယ်ကို လူကုံတန်အဖြစ်ခံယူပြီး ငြိမ်နေလိုက်ကြပါကုန်...
             
                   ကြိုတင်၍ ပါးစပ်ဖြတ်ရိုက်မခံရအောင် ကာကွယ်သောအနေနဲ့ ၀စီပိတ်နေနိုင်အောင် ကျင့်ကြံကြပါကုန်... နေ၀င်ချိန်သာယာလိုသူ သူတော်ကောင်းအပေါင်းတို့.....

Friday, March 23, 2012

အိမ်ပြန်ချင်တဲ့ အလွမ်း




      ဒီလ ၂၀ ရက်နေ့က အလည်ရောက်နေတဲ့ ကျမရဲ့ မောင်လေး ပြန်သွားပါတယ်.. 

      ကျမရဲ့မောင်လေးက ကျမထက် ၉ နှစ်ငယ်တော့ ကျမက သူငယ်ငယ်က သားလို့ဘဲ ခေါ်နေကျပြီးသူကလဲ အခုထိ ကျမနဲ့ စကားပြောရင် သူ့ကိုယ်သူ သားလို့ ပြောတုန်းပါဘဲ။

       သူပြန်သွားတော့ ကျမငိုမလားလို့ ယောင်္ကျားက ကျမကို မျက်နှာကြည့်ရင်းနဲ့ ဘာသွားစားကြမလဲလို့ အာရုံလွှဲတဲ့ စကားဆိုပါတယ်။
       ကျမကလဲ ဘာမှမလွတ်ရအောင် ကော်ဖီဘဲသောက်ကြရအောင်လို့ ခပ်တည်တည်နဲ့ ပြောပြီး ကော်ဖီဆိုင်မှာ ထိုင်တော့မှ အစဉ်အလာမပျက် မျက်ရည် တပေါက်နှစ်ပေါက် ထွက်ပါတော့တယ်။

         မောင်လေးရောက်နေခိုက်မှာ သူနဲ့ စကားပြောတိုင်း ကျမဘယ်တော့ ပြန်လာမယ်လို့ တခွန်းမှ မဟဘဲ လုပ်စရာရှိတာတွေကို နင်ကြုံရင် ဘာလုပ်ပေး၊ နင်အားရင် ဘာလုပ်ထားနဲ့ မှာတမ်းရှည်တွေ တပုံတပင်ပေးလိုက်တော့သူလဲ လုပ်စရာ တွေပိပြီး ပြန်သွားရရှာပါတယ်။ အစ်မက ၉ နှစ်ကြီးတော့ သူက ကိုယ်ဘာသာကိုယ် ပြန်လာလုပ်ပါလားလို့ ငယ်ငယ်ကလို ဘုဂလန့် မပြောတော့ပါဘူး။ သူတော်တော် လိမ္မာလာပြီး အစ်မကတော့ တော်တော် မိုက်လာပါတယ်။ ကြီးမိုက်ပေါ့.. 
         သူကလဲ အငယ်ပီသစွာ ကျန်းမာရေးဂရုစိုက်ဘို့၊ စိတ်အေးချမ်းသာအောင် နေတတ်ဘို့၊ ဂလန့်လုပ်တာတွေ လျှော့ဘို့ ကို လှည့်ပတ်ပြီး နားလည်အောင်ပြောပါတယ်.. အေးပါ အေးပါ .. ငါမှာတာတွေ မမေ့နဲ့လို့ မြန်မြန်လက်စသပ်လိုက်တာပေါ့..  ငါက အကြီးဘဲ.. သူမှာတာတွေ ငါမေ့လို့ရတာပေါ့. ဟိ ဟိ 

      ကျမမှာလိုက်တဲ့ ကိစ္စတွေထဲက တခုဖြစ်တဲ့ သူ့သားလေးဘို့ အ၀တ်အစားတွေတော်မတော် ၀တ်ပြပြီး ဓါတ်ပုံပို့ပေးဆိုတဲ့ အမှာစာကို သူပထမဆုံး အကောင်အထည်ဖေါ်ပါတယ်။ သားလေးဟာ အင်္ကျီတွေ ဘောင်းဘီတွေဝတ်ပြလိုက်၊ ကစားစရာတွေကို ထုတ်ဆော့နေလိုက်၊ ကျောပိုးအိတ်ကို လက်ကိုင်က ဆွဲပြလိုက်နဲ့ တော်တော် စိတ်ညစ်နေတဲ့ပုံလေးတွေ ရောက်လာပါပြီ။ ယောက်မ ပစ္စည်းတွေ ထိုင်ရှင်းနေရတဲ့ပုံလဲပါလာပါတယ်။ 

       ကိုယ်ဝယ်ပေးလိုက်တာလေးတွေ သူနဲ့လိုက်သား၊ တော်သားနဲ့  တွေးမိပေမဲ့ ကျမပျော်ရမယ့်အစား ငိုချင်လာပြန်ပါပြီ။ အဓိက က ဓါတ်ပုံတိုင်းမှာပါတဲ့  ကြမ်းပြင် တရားခံပါဘဲ။ 
   
         ဘာဖြစ်လို့ ကြမ်းပြင်က တရားခံ ဖြစ်ရတာလဲ မမေးပါနဲ့.. ဒီကြမ်းပြင်က  ကျမအဖေနဲ့ အမေက မိုးတွေဆက်တိုက်စွေနေလို့၊ သမံသလင်းနဲ့ ခြေထောက်မထိနိုင်အောင်အေးလို့ဆိုပြီး လက်သမားဆရာ ချက်ခြင်းခေါ် ချက်ခြင်းသစ်ဝယ်ပြီး ခင်းခဲ့တဲ့ တကယ့် မိဘအမွေအနှစ်ပါ။ 
         ကျမနဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့ တဲ့ ကြမ်းပြင်ပါ။ ဒီကြမ်းပြင်မှ ကျမလက်ရာတွေ၊ ကြောရာတွေ၊ ခြေရာတွေ အပြည့် ရှိပါတယ်။  

    ပင်ပင်ပန်းပန်း ကြမ်းတိုက်ရလို့ အမြဲ ပြသနာရှာခဲ့တဲ့ ကြမ်းပြင်ပါ။ ခွာပစ်ပြီး ကြွေပြားခင်းပစ်မယ်လို့ အမြဲတွေးခဲ့တဲ့ ကြမ်းပြင်ပါ။ 
    ဒါပေမဲ့ ဓါတ်ပုံထဲမှာ မြင်ရတဲ့ ကြမ်းပြင်ပေါ်မှာ ကျမ ပါးနဲ့ ကပ်ပြီး အိပ်ချင်ပါတယ်။ ဖျာတောင် မခင်းချင်ပါဘူး..

      TV ပျက်သွားတယ်။ ဆိုင်ပို့ထားတယ်လို့ မောင်လေးကပြောတော့ ကျမက ထားလိုက်တာမဟုတ်ဘူး.. ငါပြန်လာတော့မှ ပြင်မှာပေါ့လို့ ပြောလိုက်ပါတယ်။ 
      ဒီဟာကျမှ ငါပြန်လာမှလုပ်မယ် ပြောတော့ မောင်လေးက ထူးဆန်းပြီး မေးလို့နင်ပိုက်ဆံကုန်မှာပေါ့.. ထားလိုက်..လို့ ကျမဖြေလိုက်ပါတယ်။ အဆီအငေါ်မတည့်မှန်းတော့ သိပါတယ်။ ပြန်ဘို့တော့ အကြောင်းရှာမှ ဖြစ်တော့မယ်လေ...


ဗမာဆိုင်းဝိုင်းစစ်စစ်နဲ့ ဆိုထားတဲ့ လက်ရေတပြင်တည်း (တကယ့်သီချင်းနံမည်က ဇာတိနွယ် ပါ) သီချင်းကို YouTube မှာ တွေ့လို့ တင်ပေးလိုက်ပါတယ်။ အားလုံး ကျမလို လွမ်းစေချင်လို့.. 



Thursday, March 22, 2012

စိမ်းလန်းတဲ့ သစ်ပင်တွေလို ရှင်သန်ကြမယ်


လဲကျရင် ပြန်ထတတ်ရမယ် 


ဒါဏ်ရာရတဲ့နေရာက ပိုမာကျောလာရမယ် 


ကိုင်းကျိုးကျရင် အသစ်ပြန်ထွက်တဲ့ အညွန့်က ပိုအားကောင်းလာရမယ်




စိမ်းလန်းတဲ့ သစ်ပင်တွေလို ရှင်သန်ကြမယ် 

Wednesday, March 21, 2012

အရောင်ရှိသော နေ့များ



     နေညိုချိန်ရောက်ပြီဆိုတော့ ရှေ့ဆက်တိုးဘို့ကို ချင့်ချိန်ရင်း နောက်ပြန်လှည့်ကြည့်တတ်လာပြီ...

     မိုးသောက်ခါစ အချိန်တွေတုန်းက မိုးလင်းလာရင် ဖြစ်ချင်တာတွေကို အားကြိုးမာန်တက်လုပ်ဘို့ အင်အားအပြည့်နဲ့ ...
လောကကြီးကလဲ လန်းဆန်းတဲ့ စိမ်းလန်းတဲ့ သစ်ပင်အရောင် ...
အဲဒီအချိန်က လေကလဲ လတ်ဆတ်လွန်းလှပါလား.. အသက်ဝအောင် ရှုနိုင်ခဲ့တဲ့ အဲဒီအချိန်ကအေးတဲ့လေရဲ့ အနံ့ကို အခုဘဲ ရလာသလိုလို...
ပြန်တွေးမိတိုင်း အစိမ်းရောင်ကို မြင်ရသလို အေးချမ်းခဲ့တဲ့ အချိန်များ....

     နေထွက်လာတော့  အခက်အခဲတွေကိုလဲ မရှာဘဲ တွေ့..
အေးတဲ့အခါအေး ပူတဲ့အခါပူနဲ့ ဘ၀ဆိုတာ ဒါလားလို့ တွေးတတ်လာတဲ့ နေသာချိန်ကို ရောက်လာခဲ့တယ်...
အရိပ်ထဲရောက်ရင်အေး.. အပြင်ထွက်မိရင် ပူနဲ့ .. အရိပ်အောက်ရောက်ရင် ပူခဲ့တဲ့ အချိန်ကို မေ့နိုင်ခဲ့သေးတယ်..
အပူနဲ့အအေး မျှခံစားနိုင်တော့ ပြန်စဉ်းစားရင် နွေးထွေးတဲ့ လိမ္မော်ရောင်လိုပါဘဲ...
ကြိုက်သလားဆိုတော့လဲ မကြိုက်လှပေမဲ့   မေ့ပစ်ဘို့လဲ မဖြစ်နိုင်နဲ့ ဝေတေ၀ါးတား ...
အသက်ရှူမိသလား မရှူမိသလား မသိ ... ရှေ့ဆက်ရောက်ရင်ပြီးရောနဲ့ ဖြတ်ကျော်ခဲ့ပြီး
နောက်တခါလျှောက်ရင်ဒီလမ်းကို မလျှောက်တော့ဘူး တွေးတဲ့အခါတွေး..  နောက်ဘ၀ထိလဲ လျှောက်ဦးမယ်လို့ တွေးတဲ့အခါတွေး တဲ့ ....
လိမ္မော်ရောင်လမ်းကလေး...

     နေမြင့်လာတော့ အရူးရင့်တာပေါ့.. မျက်စေ့တွေ မီးတောက်မြင်လောက်အောင်ပူတော့ မြင်သမျှ အပူ..
ရေလဲပူ .. လေလဲပူ.. ပြန်မတွေးချင်လောက်အောင်ပူ...
သဲကန္တာရအပူ ... မီးတောက်အပူ ...အနီရဲရဲ အပူ...
တော်လောက်ပြီ..  self ignite ဖြစ်တော့မယ်....

    နေညိုချိန်ရောက်မှ နားရတော့မယ်.. ငှက်လေးတွေတောင် အိပ်တန်းပြန်တော့မယ်..
ပူထားတဲ့ အရှိန်ကြောင့်.. လောင်ထားတဲ့မီးကြောင့် .. အပူက တငွေ့ငွေ့..
နေစွယ်ကျိုးတော့ အလင်းရောင် ခပ်ဖျော့ဖျော့...
အေးချမ်းပါပြီ .. အနားရပါပြီလို့ အပီအပြင်မပြောနိုင်...
ကိုယ်ကိုယ်ကို ပြန်မြင်ကြည့်ရင် မီးခဲမှာ ကပ်နေတဲ့ပြာလို မွဲပြာပြာ ...
ကောက်ရိုးပြာ ...



               ဒီလောက်တောင် နွမ်းဖတ်နေရင်တော့ အနက်ရောင် ညအမှောင်ကို မကြောက်ဘဲ တိုးရဲပြီပေါ့
ကြောချမ်းအောင်ဘဲ မှောင်မှောင် .. ဘာအလင်းရောင်မှ မရှိတဲ့ အနက်ရောင်က တော်တော်အေးတာနဲ့တင် ကျေနပ်နိုင်ပါရဲ့..
အမှောင်ထဲမှာ လမ်းဖြောင့်ဖြောင့် ကောက်ကောက် ဘာမှ အရေးမပါတော့ပါဘူး.. လျှောက်ရမယ့်လမ်း ဆက်သာလျှောက်..

နောက်တနေ့ မနက်က စောင့်နေမယ် ထင်ရဲ့...

Friday, February 24, 2012

နွားတော့နွား .. ဒါပေမဲ့ သင်းကွဲနွား

ကျားဖြစ်အောင်မွေးခဲ့ပေမဲ့ နွားဖြစ်သွားတော့လဲ
အသားကျွေးစရာမလိုတော့ဘူးပေါ့လေ...

သူ့အသားမစားရတော့လဲ ကုသိုလ်တမျိုးဖြစ်
ကိုယ့်အသားမပါသွားဘို့တော့ သတိထားရမယ်....

ကိုယ်မွေးတဲ့နွား သူများကျားစားမသွားဘို့တော့
နေ့ည ကင်းစောင့်ရင်း မျက်တွင်းလဲ ချောင်တောင်တောင်...

ပညာမတတ်တဲ့နွားမွေးမိတော့ လှစ်ခနဲဆိုပြေးပြန်
အော်.. နွားကွဲရင် ကျားဆွဲတတ်တယ်ဆိုတာ မသင်ပေးမိသူအပြစ်ပါဘဲ..

ကျားတွေက အမဲသားကြိုက်တယ်တဲ့.. အ, တဲ့နွားအသားပိုချိုဆိုဘဲ.....
ကဲ.. အဲဒီတော့....

Tuesday, January 10, 2012

နှောင်ကြိုးမဲ့ နှစ်သစ်



မနှစ်က ၂၀၁၁ ခုနှစ်၊ အခု နှစ်သစ်က ၂၀၁၂.. ရက်ပိုင်းလေးသာ ကွာခြားပေမဲ့ တနှစ်တော့ခြားခဲ့ပြီပေါ့။
ဘာတွေချန်ထားခဲ့ချင်လဲ.. ဘာတွေယူသွားချင်လဲမေးရင် ခုထိမပြတ်မသားဖြစ်နေဆဲပါဘဲ..
သေချာတာတခုက စိတ်ဆင်းရဲစရာကြီးတွေတော့ သယ်မလာချင်တော့ဘူး.. စိတ်ချမ်းသာစရာလေးတွေတော့သယ်လာချင်တယ်လေ။
ဒါပေမဲ့ စိတ်ဆင်းရဲစရာရော စိတ်ချမ်းသာစရာရော ပေးတာက အရာတခုထဲဖြစ်နေရင်ကော ဘယ်လိုလုပ်ကြမလဲ..
ဥပမာ ..   သားသမီး.. ယောင်္ကျား..  အိမ်..   မဖတ်ရမနေနိုင်တဲ့ ဘလော့တွေ... CNA သတင်း...  ငွေ..
ကဲ... သေချာပေါက် သယ်လာမိနေတာကတော့ အဲဒီ မပြတ်မသား အတွေးတွေပါဘဲ..
အထုပ်အပိုး မှန်သမျှ လေးတာချည်းဘဲတဲ့.. အမတယောက်က ပြောဘူးတယ်.. ဟုတ်တယ်နော်.. ဘယ်တုန်းက စ လေးလာမှန်းတောင် သတိမထားမိခင်မှာ.. လူက ပိပြားစ ပြုနေပြီ။
ပြတ်သားနိုင်တဲ့နေ့မှာ.. အားလုံးကို ထားခဲ့ပြီး  အဝေးကြီးကို ထွက်သွားတော့မယ်.. ခြေရာမချန်ကြေး.. လမ်းကြောင်း မထားခဲ့ကြေးပေါ့.. 
ခုထဲက  hand phone ပိတ်ပြီးနေတတ်အောင် ကျင့်နေပါတယ်.. ဘာမှမကြားချင်ဘူး.. TV တောင် အသံပိတ်ထားတာ.. ရုပ်မြင် အသံမကြားပေါ့.. 
ဖုန်းထဲက angry bird ရော..  sudoku ရော... တာ့တာဘဲ.. 

                                                                                                                                    
 ဒါပေမဲ့ ညနေဘက်မှာ ဖုန်းဆက်မရဘူးဆိုပြီး massage များပို့ထားမလားလို့ ဖွင့်ပြီးကြည့်မိတုန်းဘဲ..


ဘာဘဲဖြစ်ဖြစ် ၂၀၁၂ မှာ တင်းသမျှ နှောင်ကြိုး အကုန်ဖြတ်မယ် .. သန္နိဋ္ဌာန်..   သန္နိဋ္ဌာန် ..  (ရှိုင်းဝဏ္ဏအောင်လေသံဖြင့် ရွတ်ပါ)

Thursday, December 29, 2011

အခါးဆုံးအတွေး

                               
                                လမ်းလျှောက်တတ်ခါစ.. သမီးနဲ့သား ငယ်ငယ်လေးတုန်းက ကျမကလမ်းလျှောက်စေချင်လို့ လက်ကဆွဲပြီးခေါ်တဲ့အခါ ကျမရဲ့ ထမီစကိုဆွဲထားပြီး ချီဘို့ဘဲအတင်းပူဆာတတ်တဲ့ သမီးနဲ့သားကို လွမ်းပါတယ်။
                                ကလေးပီပီ ချွဲနွဲ့ဘို့ အမေ့ရင်ခွင်ကို ခေါင်းနဲ့ခွေ့ပြီး လှဲချတတ်တဲ့ ကျမရဲ့သမီးနဲ့သားကိုလဲ လွမ်းပါတယ်။
                               နေမကောင်းလို့အိပ်ယာထဲ လဲလျောင်းနေတဲ့အမေကို စိုးရိမ်စိတ်နဲ့ မေမေ ဘယ်တော့သေမလဲ..ဟင် လို့မေးခဲ့တဲ့ ချစ်စရာကောင်းတဲ့ သူတို့ရဲ့အပြစ်ကင်းတဲ့မျက်နှာလေးတွေကိုလဲ မနေ့ကလိုဘဲ ပြန်မြင်ယောင်ပါတယ်။


                               လမ်းလျှောက်တတ်သွားတော့.. ချီထားတဲ့ကျမကို ကန်ကျောက်ဆင်းသွားလဲ အသာလေးချပေးလိုက်ရတာပါဘဲ။ ပစ်မချရက်လို့ပါ။
                      ရင်ဝကိုဆောင့်တွန်းလဲ အသာလေးချပေးလိုက်ရမှာပါဘဲ။ ပစ်မချနိုင်ပါဘူး.. နာသွားမှာ စိုးပါတယ်..
                               နေရာတကာ လိုက်ကြည့်မနေပါနဲ့လို့တော့ မပြောလိုက်ပါနဲ့...မျက်နှာကိုမကြည့်ဘဲနဲ့တောင် မေမေ ဘယ်တော့သေမလဲ..ဟင် လို့မေးခဲ့တဲ့မျက်နှာနဲ့ ကွာခြားချက်ကို သိသွားပြီး အမေ ချက်ချင်းသေချင်သွားမှာမို့ပါ..

ပုံကို http://www.eddycrosby.com/2009/05/21/painting-motherchild/ ကယူသုံးထားပါတယ်။

Monday, December 19, 2011

လမ်းခင်းခြင်း

လူလျှောက်ဘို့၊ ကားသွားဘို့၊ ပစ္စည်းသယ်ပို့ဘို့၊ ဒီရည်ရွယ်ချက်တွေနဲ့ လမ်းတွေခင်းကြတာမို့ လမ်းခင်းတာမြင်တိုင်း အလုပ်လုပ်နေကြတာလို့မြင်တာထက် ကုသိုလ်ရလိုက်တာလို့ တွေးမိနေကျပါ။ ဒါပေမဲ့ တခါမှာတော့ လမ်းပြင်ဘို့ ပြင်ဆင်နေတာကို ကြည့်ပြီး ရီရမလို ငိုရမလို ဖြစ်ခဲ့ပါတယ်။
မှတ်မှတ်ရရ ၂၆ လမ်းထဲကို casing တခုသွားအပ်ပြီး အပြန်မှာ စည်ပင်ဝတ်စုံနဲ့ အစ်မလေး (ကိုယ့်ထက်ငယ်တဲ့ ကလေးမလေးမို့ အစ်မလေးလို့ ရေးလိုက်တာပါ) တယောက်ကရပ်နေပြီး ဘေးမှာ ကောင်လေးတယောက်က ရေပုံးတလုံး ဘေးမှာချပြီးကုန်းကုန်း ကုန်းကုန်းနဲ့ လုပ်နေတာမြင်တော့ စပ်စုတတ်တဲ့ ၀ါသနာအရ ဘေးက ဖြေးဖြေးလေး ဖြတ်လျှောက်ရင်း ငုံ့ကြည့်တော့တာပေါ့။ ..လား..လား.. ချိုင်းခွက်ထဲကရေကို ရေမြှုပ်တခုနဲ့ စုပ်ယူလိုက် ဘေးဘက်ကိုလှည့်ပြီး ညှစ်ချလိုက်နဲ့.... ရေကုန်ရင် ချိုင့်ခွက်ကို ဖြည့်ဘို့ ကျောက်စရစ်နဲ့ ကတ္တရာ ရောမွှေထားတာက ပုံးထဲမှာ အသင့်.. လုပ်တတ်တော့လဲ လွယ်သားနော်။ ၆ နှစ်တောင် သင်ထားတဲ့အထဲမှာ ဒီလိုအလွယ်နည်း ပါမှပါပါ့မလား.. civil က သူငယ်ချင်းတွေကို မေးကြည့်ပါဦးမယ်။ တော်ကြာ ကိုယ်ခေတ်မမှီတော့တာ ဖြစ်ချင်ဖြစ်နေမှာ..

စလုံးမှာ လမ်းခင်းတာကြုံရတော့ အပြေးအလွှား ဓါတ်ပုံတွေ ရိုက်တော့တာပါဘဲ။ ဒါဟာ တတိယအကြိမ်မြောက် ပြေးလွှား ဓါတ်ပုံရိုက်တာဆိုတော့ မျက်စေ့နောက်တဲ့ ယောင်္ကျားက ဒီမိန်းမ ကုလားတွေတွေ့ရင် ပြေးလွှားဓါတ်ပုံရိုက်တော့တာဘဲလို့ ရွဲ့ပါတော့တယ်။ ကိုယ်ကလဲ ကိုယ်ပါဘဲ။ ရောက်လာခါစဆိုတော့ ဘာတွေ့တွေ့ အထူးသဖြင့် အလုပ်တွေမှာ နည်းသစ် စက်သစ်တွေ သုံးတာတွေ့ရင် နေကိုမနေနိုင်ဘူးလေ။ ဒါကြောင့် သစ်ကိုင်းတွေကို လိုက်ရှင်းတုန်းက တစ်ခါ၊ အမှိုက်လှည်းတဲ့ကားကို တစ်ခါ၊ အရူးအမူးနဲ့ စည်ပင်မှာ လုပ်တဲ့ သူငယ်ချင်းကို ပြချင်လို့ဆိုပြီး ဓါတ်ပုံမှတ်တမ်းတွေလုပ်နေကတည်းက ယောင်္ကျားက မျက်စေ့နောက်နေတာနေမှာ။

၁။ ဒါက လမ်းအဟောင်းကို ခြစ်ထုတ်ပစ်ပြီး ကတ္တရာအဟောင်းတွေကို ရှေ့က ကားပေါ်ကို conveyor နဲ့ တခါတည်းထည့်သွားတာပါ။ ကားနှစ်စီးဟာ တပြိုင်တည်း ရွေ့နေကြပေမဲ့ truck ပေါ်မှာ ကတ္တရာတွေ ညီအောင်ထည့်ဘို့ truck ကားက တကယ်တော့ နည်းနည်းမြန်အောင်မောင်းလိုက်၊ ရပ်ထားလိုက် လုပ်ပေးတာပါ။ လမ်းပေါ်ကို ကတ္တရာ တစ်စ မကျအောင် လုပ်သွားတာ အံ့သြလောက်ပါရဲ့.. ကားတစီးပြည့်ရင် ခြစ်ထုတ်တာ ခဏရပ်ထားပြီး နောက် truck အလွတ်တစီးက အဆင်သင့် နေရာဝင်ယူပြီး ဆက်လုပ်ကြပြန်ရော..



၂။ နောက်က ကားလေးတစ်စီး ကပ်ရက်ပါလာတာက ခြစ်ထားထားတဲ့ ကတ္တရာ အကျန်တွေကို ထပ်ခွာပြီး လမ်းအောက်ခြေကို ကတ္တရာထပ်ခင်းဘို့ တခါတည်း အမှိုက်အစမကျန်အောင် ရှင်းသွားပေးပါတယ်။



၃။ ပြီးရင် နောက်က ထပ်ကပ်ပါလာတဲ့ လှည်းလေးနဲ့ အရည်တမျိုးကို လိုက်ဖြန်းပါတယ်။ နောက် ကတ္တရာအသစ်အတွက် binder ဖြစ်မယ်ထင်ပါတယ်။







၎။ နောက်ဆုံးတော့ မင်းသားထွက်လာပါပြီ။ ကတ္တရာအသစ်ခင်းဘို့ ရှေ့က truck က ကတ္တရာအသစ်ကို အဆက်မပြတ်လောင်းထည့်ပေးနေပြီး နောက်က လမ်းကြိတ်စက်ကဖြန့်ခင်းရင်း roller နဲ့ တခါတည်း ကြိတ်သွားပေးတော့ ဒီကား ၂စီးဖြတ်သွားပြီးတာနဲ့ လမ်းသစ်ကြီးက လှလှပပ ပေါ်လာပါပြီ။ ပိုသေသပ်ဘို့ လမ်းကြိတ်စက် တစ်စီးက နောက်ကလိုက်ပေးသေးတာ။ သူတို့ လုပ်နေတဲ့ လမ်းတစ်ပိုင်းပြီးရင် ဘယ်ဝန်ကြီးမှ လာစရာမလိုဘဲ အလုပ်သမားလေးတွေက လမ်းပိတ်တာ အချက်ပြထားတဲ့ yellow cone လေးတွေ ဖယ်ပေးလိုက်ရင် ကားတွေ ပြေးလို့ရတဲ့လမ်းသစ်တခုပေါ်လာပြီပေါ့။





ဒါကသူတို့အားလုံး တနေ့စာ အလုပ်ပြီးချိန်မှာ လာကြိုပြီး တင်ခေါ်သွားပေးမယ့် transporter ကားအရှည်ကြီးကို တန်းစီစောင့်နေတာပါ။ မနက်ကလဲ သူတို့တွေ ဒီလိုဘဲ တန်းစီဆင်းလာခဲ့ကြတာ။ ဓါတ်ပုံရိုက်ဘို့ပြေးပေမဲ့ မမီတော့ဘူး။ အခုအပြန်လဲ အပြင်သွားစရာရှိတာနဲ့ ခဏလေးစောင့်ရမှာတောင် မစောင့်နိုင်ခဲ့ပါဘူး။



အားလုံးပြီးဘို့ နေ့တ၀က်ဘဲကြာတဲ့ လမ်းသစ်ပါရှင့်...
ဒို့တိုင်းပြည်မှာ ဒီလိုဖြစ်လာဘို့ ဘာလုပ်ကြရင်ကောင်းမလဲ။ တကယ်မသိလို့ မေးတာပါ...

Tuesday, December 13, 2011

လွန်ပွဲ


အားပြိုင်ဘို့လွန်ဆွဲကြတဲ့အခါ ကိုယ်ဘက်ကနိုင်ဘို့ အသားကုန်ဆွဲကြတော့ ကြားက လွန်ကြိုးတွေ ပြတ်ထွက်ကုန်ရတာပေါ့။
ဒါက ဖြစ်နေကျမို့ လွန်ကြိုးပြတ်လို့ နှစ်ဘက်လုံး ဖင်ထိုင်လဲပြိုကျရင် ကျပါစေ.. နိုင်ဘို့ သာအဓိကမို့ အသားကုန်ဆွဲကြတာပါဘဲ။
ဒါပေမဲ့ ဖင်ထိုင်မကျဘဲ ပြိုင်ဘက်ဖက်ကို လဲကျတာဟာ အရှုံးသင်္ကေတပေါ့။ တချို့ဆိုရင် အားချင်းမမျှလို့ လဲကျရက်နဲ့တောင် အရှုံးမပေးဘဲ ကြိုးကို ဆက်ကိုင်ထားတော့ ဒရွတ်တိုက်ပါသွားတတ်တာပါလား။ ဒီတော့ ကြားထဲကကြိုးက မပြတ်မချင်း ခံပေတော့ပေါ့။ ကြိုးလဲခံ.. ရှုံးတဲ့လူလဲ ခံပေတော့ဘဲ။
ကြိူးမပြတ်စေချင်လို့.. ကြိုးမနာစေချင်လို့ .. အရှုံးပေးပြီး ငိုယိုလွှတ်ပေးလိုက်ရတဲ့ ရာဇ၀င်ထဲက လွန်ပွဲကို သိကြပါသလား..
သား သမီးကို လွန်ကြိုးလုပ်ပြီး ဆွဲလုရတဲ့အခါ ဘီလူးက အနိုင်ဆွဲနိုင်တာပေါ့လေ။ မိဘကတော့.. ငိုယိုပြီးလွှတ်ပေးလိုက်ရုံဘဲပေါ့..
ဒါလဲ မမြင်ရပေမဲ့ ဖြစ်နေကျ လွန်ပွဲတွေပါဘဲ..



ကြယ်တွေစုံတဲ့ည

ကြယ်တွေစုံတဲ့ည..ကိုယ့်အိပ်မက်လေးရယ်..ကြယ်တွေစုံတဲ့ည.. ဘ၀မျှော်လင့်ခြင်းရယ်...ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့ သီချင်းတွေလဲ ရင်တွေကွဲသွားအောင် ဆိုနေဦးမယ်..
ကြယ်တွေစုံတဲ့ည.. အဝေးအိမ်ကို လွမ်းတယ် ကြယ်တွေစုံတဲ့ည.. ခရီးမိုင်တွေခြားစေ.. ဒါဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့ နေ့တွေလဲ.. ကျော်လွန်သွားခဲ့ရင် ..ပြန်ဆုံဦးမယ်.. နာကျင်စွာ တယောက်ထဲ .. တရေးနိုးတဲ့ညတို့ မှောင်နေဆဲ.. အိမ်ပြန်ချင်ပေမဲ့ မပြီးဆုံးတမ်း အိပ်မက်ရှည်တွေနဲ့.. အမြဲတမ်းသတိရနေတယ်.. ရှင်းပြလို့ပေးပါကွယ်.. ကြယ်ပွင့်လေးတွေများရဲ့ အကြောင်းတွေ... ကြယ်တွေစုံတဲ့ည.. ထပ်ကြုံရဦးမယ်.. ကြယ်တွေတကယ်စုံတဲ့ည.. လှနေမှာပေါ့ကွယ်.. နေညိုညိုလမ်းလေးထက် နေ့စဉ်စောင့်နေမယ်.. မျှော်လင့်ခြင်းများရယ်.. အိမ်ပြန်ချိန်များရယ်..
(ထူးအိမ်သင် - ကြယ်တွေစုံတဲ့ည) အိမ်ပြန်ချင်ပေမဲ့လဲ... မျှော်လင့်ထားတဲ့အိမ်က မျှော်လင့်ခဲ့သလို ရှိပါသေးရဲ့လား.. ကြယ်တွေမေးလို့ မရရင်.......... ထူးအိမ်သင်ကိုဘဲ မေးရင်ကောင်းမလားဘဲ..


      

Tuesday, May 31, 2011

အတွေးများ- ၂

  ဘ၀မှာ ရေစုန်က ပိုမောစရာကောင်းတာတွေ တွေ့လာတော့ စိတ်ရော လူရော သက်တောင့်သက်သာရမယ့်အချိန်တွေ ဒီဘ၀မှာ ရမှရပါတော့မလားလို့ တွေးမိတယ်။ သက်သက်သာသာ ရယ်မောပျော်ရွှင်ရမယ့်ရက် တစ်ရက်လောက်တော့ ရချင်ပါတယ်။ ဘ၀ဟာ တိုက်ပွဲဆိုတာ သိပေမယ့် အမြဲတမ်းတော့လဲ တိုက်မနေချင်တော့ဘူး။ အရှုံးပေးလောက်တဲ့ သတ္တိလဲ မရှိတော့ ရှိသမျှအင်အားသုံးပြီး တိုက်ရတာ ပင်ပန်းနေပြီ။ တိုက်ပွဲကို မေ့ပြီးပျော်နိုင်မယ့်တစ်ရက် ပေးသနားပါလို့ ဘုရားမှာဆုတောင်းမိပါတယ်။ ဒီတစ်ရက်နောက်မှာ ဆက်တိုက်ဘို့ ခွန်အားတွေ ပြည့်လာပါလိမ့်မယ်။ တစ်ရက်လောက်ပါဘဲ... ရပါရစေ။